ရန်ကုန်၊ ဇန်န၀ါရီ ၁၈

လစ်လပ်နေသည့် ဧရာဝတီတိုင်း ၀န်ကြီးချုပ်နေရာအတွက် တိုင်းလွှတ်တော်ကိုယ်စားလှယ်နှင့် လွှတ်တော်ရေးရာကော်မတီ အတွင်းရေးမှူး ဦးလှမိုးအောင်အား ဇန်န၀ါရီလ ၁၈ ရက်တွင် နိုင်ငံတော်သမ္မတက အမည်စာရင်း တင်သွင်းလိုက်သည်။

ဧရာတိုင်းလွှတ်တော်တွင် ယနေ့ပြုလုပ်သည့် အထူးအရေးပေါ် အစည်းအဝေးတွင် အမည်စာရင်း တင်သွင်းလိုက်ခြင်းဖြစ်ကာ ဦးလှမိုးအောင်မှာ လွှတ်တော် စိုက်ပျိုးမွေးမြူရေး၊ ဆည်မြောင်းနှင့် သယံဇာတရေးကော်မတီ အတွင်းရေးမှူးနှင့် လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးကော်မတီ အဖွဲ့ဝင်လည်း ဖြစ်သည်။

အမည်စာရင်းတင်သွင်းမှုကို ဇန်န၀ါရီလ ၁၅ ရက်က ပြုလုပ်ရန် ယခင်က လုပ်ဆောင်ခဲ့သော်လည်း သမ္မတရုံးမှ အမည်စာရင်း မပေးပို့သည့်အတွက် ယနေ့မှသာ အမည်စာရင်း တင်သွင်းခဲ့ခြင်းဖြစ်ကာ ယခင် တိုင်းဝန်ကြီးချုပ် (ဦး) မန်းဂျော်နီမှာမူ ဇန်န၀ါရီလ ၉ က နုတ်ထွက်သွားပြီး ဖြစ်သည်။

ဦလှမိုးအောင်မှာ ၂၀၁၅ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့စဉ်က မဲအရေအတွက် ၆၂ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့သူ တစ်ဦး ဖြစ်သည်။

ယခင်က ၀န်ကြီးချုပ် နေရာအတွက် ရေပန်းစားနေသူမှာ တိုင်းဒေသကြီး လူမှုရေးဝန်ကြီးဖြစ်သူ ဒေါက်တာလှမြတ်သွေးဖြစ်ပြီး သူမမှာ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကာလကလည်း တိုင်းလွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံခဲ့ရဖူးသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: