Photo : president-office.gov.mm
ရန်ကုန်၊ ဇန်န၀ါရီ ၁၀

လယ်ယာမြေပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အများကျေနပ်လောက်အောင် မဖြေရှင်းနိုင်သရွေ့ နိုင်ငံ၏ တိုးတက်မှုမှာ လုံလောက်ပြီဟု ပြောဆို၍ မရကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇန်န၀ါရီလ ၉ ရက်တွင် ပြောဆိုလိုက်သည်။

နေပြည်တော်တွင် ပြုလုပ်သည့် အမျိုးသားစီမံကိန်းကော်မရှင် (၁/၂၀၁၈) အစည်းအဝေးတွင် ပြောဆိုလိုက်ခြင်းဖြစ်ပြီး အဆိုပါ အစည်းအဝေးသို့ ကော်မရှင်ဥက္ကဋ္ဌ သမ္မတ ဦးထင်ကျော် အပါအ၀င် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ကော်မတီတွင် ပါဝင်သည့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ တိုင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်များ တက်ရောက်ခဲ့သည်။

“ကျွန်မတို့ နိုင်ငံမှာ ၇၀ ရာခိုင်နှုန်းသော ပြည်သူတွေဟာ ကျေးလက်တောရွာဘက်မှာနေပြီးတော့ စိုက်ပျိုးရေးကို အားကိုးနေတဲ့ ပြည်သူများဖြစ်လို့ လယ်ယာမြေကဏ္ဍကို ပြည့်စုံအောင်၊ အများလက်ခံနိုင်အောင်၊ အများကျေနပ်လောက်အောင် မဖြေရှင်းနိုင်သရွေ့ နိုင်ငံရဲ့ တိုးတက်မှုဟာ လုံလောက်တယ်လို့ ဘယ်လိုမှ ပြောလို့ ရမှာ မဟုတ်ပါဘူး” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ထို့ပြင် လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် လုံလောက်သည့် တိုးတက်မှုမရှိခြင်းနှင့် အခြေခံပြဿနာမှာ လယ်ယာမြေပိုင်ဆိုင်မှုဖြစ်ကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ ပြည်သူများထံမှ မကျေနပ်သံများကို ကြားနေရကြောင်းလည်း ထည့်သွင်း ပြောဆိုခဲ့သည်။

နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးသည့် ကုန်သွယ်မှုလိုငွေပြမှု ပြဿနာနှင့် ဆက်စပ်၍လည်း ယခုကဲ့သို့ ထည့်သွင်း ပြောဆိုခဲ့သေးသည်။

“နောက် ပြည်ပနဲ့ ကုန်သွယ်မှု လိုငွေပါ။ ဒါဟာလည်း အားလုံးနဲ့ ဆိုင်ပါတယ်။ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး တစ်ခုတည်းနဲ့ ဆိုင်တာ မဟုတ်ပါဘူး။ စီမံကိန်းနဲ့ ဘဏ္ဍာရေးတစ်ခုတည်းနဲ့ ဆိုင်တာ မဟုတ်ပါဘူး။ ပြည်ပနဲ့ ကုန်သွယ်မှုလိုငွေ မပြဖို့ဆိုရင် တစ်နိုင်ငံလုံးက ပါဝင်ရမယ်။ ကျွန်မတို့ဟာ ဈေးကွက်စီးပွားရေးမှာ လှုပ်ရှားပြီးတော့ အောင်မြင်ဖို့ဆိုရင် ဆန်းသစ်တီထွင်နိုင်တဲ့ အရည်အချင်းတွေ ရှိရပါမယ်။ ကျွန်မ မကြာခဏ ပြောပါတယ်။ ဈေးကွက်ရှာရုံနဲ့ မလုံလောက်ဘူး။ ဈေးကွက်ကို လုပ်ယူရမယ်၊ တီထွင်ယူရမယ်။ ဒီလို ဆန်းစစ်ပြီးတောာ့ တီထွင်နိုင်တဲ့ စိတ်ဓာတ်တွေရှိမှ ကျွန်မတို့ဟာ တိုးတက်နိုင်မယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: