၂၀၁၇ ခုနှစ် နှစ်လယ်ပိုင်းလောက်က အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနဲ့ အတိုက်အခံလို့ မိမိကိုယ် မိမိ သုံးသပ်နေတဲ့ ကြံ့ခိုင်ရေး USDP ပါတီတို့အကြား သဘောတူညီချက် တစ်ခု ရှိခဲ့တယ်လို့ သတင်းတစ်ခု ထွက်လာပါတယ်။ NLD ပါတီ အာဏာရ အစိုးရဖွဲ့အပြီး နှစ်နှစ်တာ ကာလအတွင်း USDP က မည်သို့သော လှုပ်ရှားမှုများ မလုပ်ဆောင်ဘူး ဟူတဲ့ နှစ်ပါတီအကြား သဘောတူညီချက် ထားတယ်ဆိုတဲ့ သတင်းပါ။ အဲဒီအချိန်က NLD အစိုးရ တက်ပြီး တစ်နှစ်ခွဲကျော် ကာလ။ ယင်းသတင်း မှန်၊ မမှန်နဲ့ ပတ်သက်ပြီး အတည်ပြုပေးမယ့်သူက မရှိ။
NLD ပါတီ အာဏာရ အစိုးရဖွဲ့အပြီး နှစ်နှစ်တာ ကာလအတွင်း USDP က မည်သို့သော လှုပ်ရှားမှုများ မလုပ်ဆောင်ဘူး ဟူတဲ့ နှစ်ပါတီအကြား သဘောတူညီချက် ထားတယ်ဆိုတဲ့ သတင်းပါ။ အဲဒီအချိန်က NLD အစိုးရ တက်ပြီး တစ်နှစ်ခွဲကျော် ကာလ။ ယင်းသတင်း မှန်၊ မမှန်နဲ့ ပတ်သက်ပြီး အတည်ပြုပေးမယ့်သူက မရှိ
သို့သော် ယင်းသတင်းကို အထောက်အပံ့ဖြစ်စေနိုင်မယ့် လှုပ်ရှားမှုများကို NLD ပါတီတက်ပြီး နှစ်နှစ်ကျော်ကာလ၊ ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပါတီနှစ်ဘက်စလုံးတွင် တွေ့မြင်လာရပြီဟု သုံးသပ်ရမည်။ ယင်းမှာ NLD အစိုးရလက်ထက် ပထမဆုံးကြိမ် တိုင်းအဆင့် ၀န်ကြီးချုပ်နှင့် ၀န်ကြီးများ နုတ်ထွက်မှု၊ USDP ပါတီဘက်မှ သက်တော်ရှည်ခေါင်းဆောင်များ ပါဝင်သည့် ပါတီဗဟိုဦးစီးကော်မတီကို ဖျက်သိမ်းမှုတို့ ဖြစ်သည်။


NLD ၀န်ကြီးများ နုတ်ထွက်မှု


NLD အစိုးရလက်ထက်တွင် တိုင်းအဆင့် ၀န်ကြီးချုပ်နှင့် ၀န်ကြီးများ နုတ်ထွက်မှုကို ဇန်န၀ါရီလ ၉၊ ၁၀၊ ၁၁ ရက် (သုံးရက်ဆက်တိုက်) တွေ့မြင်ခဲ့ရသည်။ ဧရာဝတီတိုင်းဝန်ကြီးချုပ် မန်းဂျော်နီအပါအ၀င် တိုင်းအစိုးရအဖွဲ့ ၀န်ကြီး တစ်ဦး၊ မကွေးတိုင်းနှင့် ပဲခူးတိုင်းတို့မှ ၀န်ကြီးနှစ်ပါးစီ နုတ်ထွက်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ရဲ့ နုတ်ထွက်မှုဟာ မိမိသဘောဆန္ဒ အလျောက်ပါဟု နိုင်ငံတော်သမ္မတရုံးက ကြေညာထားသော်လည်း တစ်ဖက်မှာတော့ NLD ပါတီက နုတ်ထွက်ဖို့အတွက် ဖိအားပေးတာကြောင့်ဟု မီဒီယာတွေက ဖော်ထုတ်ထားပါတယ်။

USDP ဗဟို ဦးဆောင်ကော်မတီ ဖျက်သိမ်းမှု


အတိုက်အခံကောင်း ဖြစ်အောင် လုပ်ဆောင်မည်ဟု ကြေညာထားသည့် ကြံ့ခိုင်ရေး USDP ပါတီက ပါတီရဲ့ ဗဟိုဦးဆောင်ကော်မတီကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ၂၀၁၈ ဇန်န၀ါရီလဆန်းပိုင်းတွင် ပါတီတာဝန်ရှိသူများက မီဒီယာတွေကို ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဒီဖျက်သိမ်းမှုကို ၂၀၁၇ ဒီဇင်ဘာမှာ ပြုလုပ်တဲ့ ပါတီအစည်းအဝေးတွင် ပါတီဥက္ကဋ္ဌဟောင်းနဲ့ သမ္မတဟောင်း တစ်ဖြစ်လဲ ပါတီနာယကဖြစ်တဲ့ ဦးသိန်းစိန်ရဲ့ လမ်းညွှန်မှုနဲ့ ဖျက်သိမ်းခဲ့တာဖြစ်ပြီး အဲဒီကော်မတီမှာ ပါတီရဲ့ အမာခံခေါင်းဆောင်တွေဖြစ်တဲ့ ဦးသိန်းစိန်၊ ဦးဌေးဦး၊ ဦးသူရအေးမြင့်၊ ဦးလွန်းသီ၊ ဦးတင်ထွဋ်၊ ဦးစိုးသာ၊ ဦးသောင်း၊ သူရဦးမြင့်အောင်နဲ့ ဦးခင်အောင်မြင့်တို့ ပါဝင်ပါတယ်။


နှစ်နှစ်တာ ကာလအတွင်း ပါတီများ၏ လှုပ်ရှားမှု


NLD ပါတီအနေဖြင့် အစိုးရတာဝန်ကို ယူဆောင်ပြီးနောက်ပိုင်း အစိုးရတစ်ရပ် လုပ်ဆောင်ရမည့် လုပ်ငန်းများပေါ်တွင် အဓိက အာရုံထား လုပ်ဆောင်နေသည်ကိုသာ သိသာထင်ရှားစွာ မြင်တွေ့နေရပြီး ပါတီနှင့် ဆက်စပ်သည့် ကိစ္စများမှာမူ မီဒီယာများတွင် အတွေ့ရနည်းလျက် ရှိသည်။ ပါတီတွင်း ကိစ္စရပ် အတော်များများကို လှုပ်ဆောင်မှုများ ရှိသော်လည်း လူထုနှင့် ထိတွေ့ရမည့်ကိစ္စရပ် နည်းပါးခြင်းကြောင့်ဟု သုံးသပ်မှုများလည်း ရှိသည်။ ယင်းကာလအတွင်း ပါတီတွင်း လုပ်ဆောင်မှုများထက် အစိုးရပိုင်းမှ လုပ်ဆောင်မှုများကိုသာလျှင် လူထုနှင့် မီဒီယာကလည်း အဓိကထား စောင့်ကြည့်ခဲ့ကြသည်။

အစိုးရအဖွဲ့အတွင်း အပြောင်းအလဲတစ်ရပ်အဖြစ် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး နုတ်ထွက်ခဲ့မှု ရှိခဲ့ပြီး နုတ်ထွက်ရမည့် အကြောင်းရင်းမှန်ကို အစိုးရအဖွဲ့ကော၊ နုတ်ထွက်ခဲ့သူဘက်ကပါ နှုတ်ဆိတ်နေခဲ့သည်။ ယင်းနောက် သိသာထင်ရှားသည့် အဖြစ်အပျက်မှာ ၂၀၁၈ ခုနှစ် ဇန်န၀ါရီလ ဒုတိယအပတ်တွင် ဖြစ်ပွားခဲ့သည့် တိုင်းအဆင့် ၀န်ကြီးချုပ်နှင့် ၀န်ကြီးများ အစုအပြုံလိုက် နုတ်ထွက်မှု ဖြစ်သည်။

ဇန်န၀ါရီလ ၉၊ ၁၀၊ ၁၁ ရက် (သုံးရက်အတွင်း) ဧရာဝတီတိုင်း ၀န်ကြီးချုပ် (ဦး) မန်းဂျော်နီအပါအ၀င် တိုင်းအစိုးရအဖွဲ့ဝင် ၀န်ကြီးတစ်ဦး၊ မကွေးတိုင်းနှင့် ပဲခူးတိုင်းတွင် ၀န်ကြီး နှစ်ဦးဆီ၊ စုစုပေါင်း ခြောက်ဦး နုတ်ထွက်မှု ဖြစ်သည်။ နုတ်ထွက်သူများမှာ မိမိသဘောဆန္ဒအလျောက် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးက ကြေညာခဲ့သော်လည်း ပါတီမှတစ်ဆင့် ဖိအားပေးခြင်းကြောင့်ဟု မီဒီယာများက ဖော်ထုတ်ခဲ့သည်။

ထို့ပြင် အစိုးရအဖွဲ့ ပြည်ထောင်စုဝန်ကြီးတွေကို အထောက်အပံ့ဖြစ်အောင်အတွက် ရည်ရွယ်သည်ဆိုကာ ပြန်ကြားရေး ဒုဝန်ကြီးတစ်ဦးကိုလည်း ဇန်န၀ါရီလ ၁၅ ရက်က ခန့်အပ်လိုက်သေးသည်။

USDP ပါတီအနေဖြင့် ၂၀၁၆ ခုနှစ်တွင်းက ပြုလုပ်သည့် ပါတီ ဒုတိယအကြိမ် ညီလာခံတွင် ဥက္ကဋ္ဌအဖြစ် ဦးသန်းဋ္ဌေးကို ရွေးချယ်ခဲ့ပြီးနောက် ပါတီဗဟိုဦးဆောင်ကော်မတီကို ဖွဲ့စည်းခဲ့သည်။ သို့သော် ယင်းကော်မတီမှာလည်း ၂၀၁၇ ခုနှစ် ဒီဇင်ဘာတွင် ဖျက်သိမ်းလိုက်ပြီ ဖြစ်သည်။

ပါတီလှုပ်ရှားမှုများအနေဖြင့်လည်း သိသာထင်ရှားသည့် တစ်ခုမှာ ၂၀၁၆ ခုနှစ် စက်တင်ဘာတွင် ဖြစ်ပွားခဲ့သည့် ပုဂံငလျင်ကြောင့် ပုထိုးစေတီများ ပြုပြင်ရန်အတွက် ပါတီဥက္ကဋ္ဌ ဦးသန်းဋ္ဌေး လူလုံးထွက်ပြခဲ့သည့် ကိစ္စတစ်ရပ်သာ ရှိသည်။ ကျန်ကိစ္စရပ်များမှာ ပါတီအောက်ခြေတွင် လုပ်ဆောင်နေသည့် Capacity Building သင်တန်းများ၊ အခြား သင်တန်းများ ပြုလုပ်မှုလောက်သာ ရှိပြီး ယင်းလုပ်ဆောင်မှုများကိုလည်း လူမှုကွန်ရက် Facebook တွင် ရှိသည့် မြို့နယ်အလိုက် ပါတီကွန်ရက်စာမျက်နှာများနှင့် ပါတီဝင် တစ်ဦးချင်းစီ၏ လှုပ်ရှားမှုများက တွေ့မြင်နေရခြင်း ဖြစ်သည်။

USDP ဘက်က ပြောလာတဲ့ အချိန်ကိုက်မှု Timing


မြန်မာသံတော်ဆင့် နေ့စဉ်သတင်းစာက ၁၂.၁.၂၀၁၈ ခုနှစ် သောကြာအထူးထုတ်တွင် အရေးပါသည့် အကြောင်းအရာတစ်ခုကို ဖော်ပြခဲ့သည်။ ယင်းမှာ ဆောင်းပါးရှင် မောင်ရေစက် ရေးသားထားသည့် “လူထု စိတ်ဝင်စားမှု ပြန်လည်မြင့်တက်လာစေရေး ကြံ့ခိုင်ရေးအဘများ ကြိုပြင်ခဲ့သော နိုင်ငံရေးကစားကွက်” ဟူသည့် ဆောင်းပါးဖြစ်သည်။ ယင်းဆောင်းပါးတွင် USDP ပါတီ ဗဟိုနာယကအဖွဲ့ဝင် ဗိုလ်ချုပ် (ငြိမ်း) ဦးခင်အောင်မြင့် ပြောကြားထားသည့် စကားကို ယခုကဲ့သို့ ကိုးကားထားသည်။

“ပြည်ခိုင်ဖြိုး အတိုက်အခံကောင်းဖြစ်ဖို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ စန်းကလည်း ရှိသေးတယ်။ မအီသေးဘူးပေါ့။ Timing တိုင်မင်က ဒါကို စောင့်နေတယ်။ အဲဒါကို မစောင့်ဘဲ သွားတိုက်လို့ရှိရင် ဘာမှ အရာမထင်ဘူး” လို့ ယခင်အစိုးရလက်ထက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဖြစ်ခဲ့သူ ဦးခင်အောင်မြင့်က ပြောဆိုထားသည်ကို ဖော်ပြထားသည်။ NLD အစိုးရတက်လာပြီး နှစ်နှစ်ကျော်ကာလတွင် USDP ပါတီအကြီးအကဲတစ်ဦးက ပြောဆိုလိုက်သည့် အရေးပါသည့် စကားရပ်ဖြစ်သလို ပါတီအတွင်း လုပ်ဆောင်ရန် ရှိသည်များကို ခေတ္တခဏ ရပ်ဆိုင်းထားသည်ဟု အဓိပ္ပာယ် ကောက်ယူနိုင်သည်။

လာမည့် ကာလ


ပါတီနှစ်ဘက်စလုံးမှ လှုပ်ရှားမှုများ၊ ပါတီအကြီးအကဲများ၏ ပြောဆိုမှုများသည် ၂၀၁၇ ခုနှစ် နှစ်လယ်ပိုင်းက ထွက်ပေါ်ခဲ့သော ပါတီနှစ်ခုအကြား သဘောတူညီမှု ရယူထားသည်ဆိုသည့် သတင်းအရ အချိန်ကာလ တိုက်ဆိုင်သည်ဟု ယူဆပါက ယူဆနိုင်သည့် အနေအထား ဖြစ်နေသည်။ လက်ရှိ ကာလအတွင်း NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ စန်းမှာလည်း မအီသေးဘူး၊ တိုင်မင်က ဒါကို စောင့်နေတယ် ဟူသည့် USDP ပါတီအကြီးအကဲ၏ ပြောစကားမှာလည်း ယင်းတိုက်ဆိုင်မှု အခြေအနေကို ပံ့ပိုးပေးလျက် ရှိသည်။ ယင်းသတင်းထွက်ပေါ်ခဲ့မှု၊ သို့တည်းမဟုတ် ကောလာဟလ ထွက်ပေါ်မှုမှာ မည်သို့ပင်ရှိစေ NLD နှင့် USDP ပါတီ နှစ်ဘက်စလုံးတွင် သိသာထင်ရှားသော လှုပ်ရှားမှုများ ဆက်တိုက်ထွက်ပေါ်နေသည်ကို တွေ့မြင်နေရသည်။

ပါတီနှစ်ရပ်အကြား သဘောတူညီမှု ရှိခဲ့သည် ဖြစ်စေ၊ မရှိခဲ့သည်ဖြစ်စေ လာမည့် အစိုးရသက်တမ်း လက်ကျန်ကာလသည် အရေးပါလှပြီး ယင်းကာလအတွင်း လုပ်ဆောင်မှုများသည် ၂၀၂၀ ရွေးကောက်ပွဲအပေါ် ကြီးမားစွာ သက်ရောက်မည် ဖြစ်သည်။ ယင်းကာလအတွင်း ပြောင်းလဲမှုကို ထိတွေ့ခံစားလိုသည့် ပြည်သူများ၏ စိတ်နေစိတ်ထားနှင့် ယုံကြည်မှုမှာ ပါတီနှစ်ရပ်စလုံးအတွက် အဓိက ကျသည်ကိုမူ ပါတီနှစ်ရပ်စလုံးက စိတ်နှလုံးသွင်းထားရမည် ဖြစ်သည်။

အယ်ဒီတာ - အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: