ရခိုင်ပြည်နယ်အရေးကိစ္စအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်လည်း ဆွေးနွေးခဲ့သေးသည်
Photo - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
ရန်ကုန်၊ ဇန်န၀ါရီ ၁၈

ပဋိပက္ခများ ဖြစ်ပေါ်နေသည့် ရခိုင်ပြည်နယ်အရေးကိစ္စအပါအ၀င် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာများတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်အတိုင်င်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီးနှင့် ဇန်န၀ါရီလ ၁၇ ရက်က နေပြည်တော်တွင် ပြုလုပ်သည် အဆင့်မြင့်အစည်းအဝေး၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

ယင်းအစည်းအဝေးတွင် တရုတ်ဘက်မှ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး မစ္စတာ ခုန်ရွယ်နှင့် တရုတ် ဗဟိုစစ်ကော်မရှင် ဒုတိယညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ရှောင်ရွမ်မင်တို့ တက်ရောက်ခဲ့ပြီး ရခိုင်ပြည်နယ် အရေးကိစ္စအပြင် နှစ်နိုင်ငံ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကိစ္စများကိုလည်း ထည့်သွင်းဆွေးနွေးခဲ့သည်။

တရုတ်-မြန်မာ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ ဦးဆောင်သည့် (၂+၂) အဆင့်မြင့်ဆွေးနွေးပွဲသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူတို့ တက်ရောက်ခဲ့ကာ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် တရုတ်နိုင်ငံဘက်မှ အပြုသဘောဆောင်သော အကူအညီများ ဆက်လက်ပေးအပ်ရေးကိစ္စများကိုလည်း ယင်းအဆင့်မြင့် အစည်းအဝေးတွင် ပြောဆိုခဲ့ကြသေးသည်။

တရုတ်နိုင်ငံခြားရေး ဒုဝန်ကြီးသည် ယင်း ညနေပိုင်းကလည်း မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သေးကာ နှစ်နိုင်ငံ နယ်စပ်ကိစ္စအပြင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုပြဿနာများအား မြန်မာနိုင်ငံအစိုးရနှင့် တပ်မတော်မှဖြေရှင်းဆောင်ရွက်ခဲ့မှု အပေါ် တရုတ်နိုင်ငံမှထောက်ခံရပ်တည်မှုအခြေအနေများအကြောင်းအား ပြောဆိုဆွေးနွေးခဲ့ကြသေးသည်။

ယင်းသို့ တွေ့ဆုံမှုများအပြီး မြန်မာအစိုးရဘက်မှ ဖမ်းဆီးမိထားသော ARSA အကြမ်းဖက်အဖွဲ့မှ အဖွဲ့ဝင်ပေါင်း ၂၀၀ နီးပါးခန့်၏ အမည်နှင့် ဓာတ်ပုံများကို ဇန်န၀ါရီလ ၁၈ ထုတ် အစိုးရပိုင် သတင်းစာများ၌ ဖော်ပြထားသည်။

ထို့ပြင် ARSA အကြမ်းဖက် အဖွဲ့ဝင် ၁၃၀၀ ကျော်၏ အမည်စာရင်းကိုလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပေးပို့ထားကြောင်း မြန်မာအစိုးရက ထုတ်ပြန်ထားသေးသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: