ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

သက်တမ်းအနည်းငယ်သာ ကျန်ရှိတော့သည့် ဦးသိန်းစိန် ခေါင်းဆောင် သည့် ပြည်ထောင်စုအစိုးရအဖွဲ့က ၄င်းတို့အစိုးရအဖွဲ့ထံ တင်ပြထားသည့် ကိစ္စရပ်များအနက် ၆၈ ခုအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီခေါင်းဆောင်မည့် အစိုးရ စဉ်းစားစီမံ ဆောင်ရွက်နိုင်ရန်ဟု ဆိုကာ ဆိုင်းငံ့ထားလိုက်ပြီဖြစ်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့က ကြေညာထားသည်။

အဆိုပါကိစ္စရပ် ၆၈ ခုတွင် ရွေးကောက်ပွဲ ကော်မရှင် (၁)၊ နိုင်ငံခြားရေး ၀န်ကြီးဌာန (၁)၊ သမ၀ါယမ၀န်ကြီးဌာန (၁)၊ ပို့ဆောင်ရေးဝန်ကြီးဌာန (၃)၊ လျှပ်စစ်ဝန်ကြီးဌာန (၂)၊ စက်မှု (၁၈)၊ စီးပွား/ကူးသန်းဝန်ကြီးဌာန (၂)၊ သတ္တုတွင်းဝန်ကြီးဌာန (၁၀)၊ ဘဏ္ဍာရေးဝန်ကြီးဌာန (၁)၊ ဆောက်လုပ်ရေး ၀န်ကြီးဌာန (၂)၊ ရထား (၁)၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန (၂)၊ ပုဂ္ဂလိက ပိုင်ကဏ္ဍ (၁၄)၊ စစ်ကိုင်းတိုင်း (၃)၊ ပဲခူးတိုင်း (၂)၊ မွန်ပြည်နယ် (၂)၊ ရန်ကုန်တိုင်း (၁)၊ ရှမ်းပြည်နယ် (၁)နှင့် ဧရာဝတီတိုင်း (၁) ခုတို့ ပါဝင်သည်။

ဧရာဝတီတိုင်းအတွင်း လုပ်ဆောင်ရန် ဆိုင်းငံ့ထားလိုက်သည့် ကိစ္စရပ်မှာ ဒန်ဆန်း အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ခြင်း၊ ရန်ကုန်-ဒန်ဆန်း အဝေးပြေးလမ်း တည်ဆောက်ခြင်း စီမံကိန်းနှင့် ဒန်ဆန်း 1000 MW (LNG) Terminal Power Plant စီမံကိန်းများအတွက် Proposal တင်ပြသည့်ကိစ္စရပ် ဖြစ်သည်။

ထို့ပြင် စက်မှုဝန်ကြီးဌာနမှ ဆိုင်းငံ့ရန် တင်ပြထားသည့် ကိစ္စရပ် ၁၈ ခုတွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ မြေ ၀.၅၉ ဧကခန့်ပေါ်တွင် Myanmar-Korea Business Park တည်ထောင်လိုမှုကိစ္စရပ်လည်း ပါဝင်သေးသည်။ စက်မှုဝန်ကြီးဌာနမှ ထပ်မံဆိုင်းငံထားသည့် ကိစ္စများတွင် စက်ရုံမြေနေရာ ငှားရမ်းခြင်း၊ အဆင့်မြင့် ရာဘာစက်ရုံ တည်ထောင်ခြင်းကိစ္စရပ်များ ပါဝင်သည်။

သိပ္ပံနှင့် နည်းပညာဘက်မှ ဆိုင်းငံ့ထားသော ကိစ္စရပ်နှစ်ခုမှာ ရခိုင်ပြည် နယ်၊ ကျောက်ဖြူတွင် အစိုးရ စက်မှုလက်မှုသိပ္ပံကျောင်း ဖွင့်လှစ်နိုင်ရေး ကိစ္စနှင့် ကွန်ပျူတာ တက္ကသိုလ် (ဟင်္သာတ) မြေနေရာ ရွေးချယ်သတ် မှတ်နိုင်ရေးကိစ္စတို့ ဖြစ်ပြီး ယင်းကိစ္စရပ်များနှင့် ပတ်သက်၍ နောင် တက်လာမည့် NLD ပါတီ ဦးဆောင်အစိုးရအဖွဲ့က တာဝန်ယူ လုပ်ကိုင်ရမည် ဖြစ်သည်။

ရှမ်းပြည်နယ်တွင်မူ လွိုင်လင်မြို့တွင် နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ် ပူးပေါင်းဖွင့်လှစ်ရေးကိစ္စအား ဆိုင်းငံ့ထားပြီး ဆိုင်းငံ့ထားသော ကိစ္စရပ်များကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာမှစ၍ ၂၀၁၆ ဖေဖော်ဝါရီလအတွင်း ဆိုင်းငံ့ခဲ့ခြင်းလည်း ဖြစ်သည်။

ရန်ကုန်တိုင်းအတွက် ဆိုင်းငံ့ထားလိုက်သော ကိစ္စရပ်မှာ တညင်းကုန်း အဆင့်မြင့် လက်ကားဈေး ဖွင့်လှစ်ရန် မြေနေရာ လွှဲပြောင်းရယူနိုင်ရေး တင်ပြထားသော ကိစ္စရပ်ဖြစ်ပြီး ပုဂ္ဂလိကပိုင်ကဏ္ဍတွင် ယခင်အစိုးရပိုင် စက်ရုံများအား တင်ဒါခေါ်ယူ ရောင်းချရေးကိစ္စရပ်များ ပါဝင်သည်။

အောက်ချင်း သတင်းအေဂျင်စီ






Share To:

Aung Maw

Post A Comment: