ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

ကျန်းမာရေးဆိုင်ရာ ၀န်ထမ်းများက ကြေညာချက်ထုတ် ကန့်ကွက်ထားသော ရန်ကုန်ပြည်သူ့ ဆေးရုံကြီး တိုးချဲ့ ဆောက်လုပ်မည့် မြေနေရာအား စင်ကာပူနိုင်ငံ Parkway Group နှင့် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များအား တစ်ဧကလျှင် အမေရိကန်ဒေါ်လာ နှစ်သန်းနှုန်းဖြင့်  နှစ် ၅၀ ငှားရမ်းထားခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦး ပြောဆိုထားသည်။
MOI Web Portal တွင် ဖော်ပြထားသည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အတွင်းရေးမှူး ဦးအောင်နိုင်ဦးနှင့် တွေ့ဆုံမေးမြန်းခန်းသတင်း

အစိုးရအာဘော် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည့် ဦးအောင်နိုင်ဦးနှင့် ၀င်းဝင်းမော်၊ မြတ်စန္ဒီသင်းဇော်တို့နှင့် တွေ့ ဆုံမေးမြန်းခန်းတွင် ယင်းကဲ့သို့ ပြောဆိုထားခြင်း ဖြစ်ပြီး ငှားရမ်းထားသည့် မြေနေရာမှာ ဗိုလ်ချုပ်လမ်းနှင့် ဘုန်းကြီးလမ်းထောင့်ရှိ မြေနေရာ ဖြစ်ပြီး အကျယ်အ၀န်း ၄.၄ ဧက ရှိသည်။

ဖေဖော်ဝါရီလ ၁၃ ရက် နေ့စွဲဖြင့် လွှတ်တော်ကိုယ်စားလှယ်များနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီထံ လိပ်မူ၍ စီမံကိန်း ရပ်တန့်စေရေး ကန့်ကွက်ထားသော ဆောင်ရွက်ပေးပါရန်ဟူသည့် ကန့်ကွက်လွှာတွင် အဆိုပါစီမံကိန်းကို လက်ရှိအစိုးရနှင့် နီးစပ်သည့် ဒဂုံအင်တာနေရှင်နယ် လီမီတက်မှ ဦးဝင်းအောင်၊ IBTC မှ ဦးအောင်ကျော်မိုးတို့အား ငှားရမ်းလုပ်ကိုင်ခွင့် ပေးထားခြင်းဖြစ်ပြီး စင်ကာပူအခြေစိုက် Parkway Group ၏ ရင်းနှီးမြှုပ်နှံမှု မပါဘဲ ၄င်းတို့၏ စီမံခန့်ခွဲမှုကိုသာ ငှားရမ်းလုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

“ဒီလုပ်ငန်းက စင်ကာပူနိုင်ငံမှာ အခြေစိုက်တဲ့ ပတ်ခ်ဝေးဆေးရုံအုပ်စုနဲ့ မြန်မာနိုင်ငံသားတွေ ပေါင်းပြီး ဆောင်ရွက်တဲ့ လုပ်ငန်းဖြစ်တယ်။ မြေဧက ၄ ဒသမ ၄ ဧကရှိပြီး နိုင်ငံခြားသားက ၆၇ ဒသမ ၅ ရာခိုင်နှုန်း၊ မြန်မာ က ၃၂ ဒသမ ၅ ရာခိုင်နှုန်း ထည့်ဝင်ဖက်စပ်ထူထောင်ပြီး MIC ကို ရင်းနှီးမြှုပ်နှံမှုအတွက် အဆိုပြုတင်ပြခြင်း ဖြစ်ပါတယ်” ဟု ဦးအောင်နိုင်ဦးက တွေ့ဆုံမေးမြန်းခန်းတွင် ဖြေကြားထားသည်။

ထို့ပြင် “ဒီဆေးရုံဆောက် မယ့်မြေကို နိုင်ငံခြားဖက်စပ်ကုမ္ပဏီကို အပြီးပေးလိုက်ခြင်း မဟုတ်ပါဘူး။ နှစ် ၅ဝ ငှားရမ်းခြင်းဖြစ်ပါတယ်။ နိုင်ငံတော် အနေနဲ့ မြေအသုံးချခွင့်အတွက် တစ်ဧကကို သူတို့ထံက အမေရိကန် ဒေါ်လာ နှစ်သန်းနှုန်း သွင်းရတဲ့အတွက် စုစုပေါင်း ၄ ဒသမ ၄ ဧက ဆိုတဲ့အတွက် ရှစ်သန်းကျော် သွင်းရပါတယ်။

နောက် နှစ်စဉ်လည်း နိုင်ငံတော်က ငှားရမ်းခတွေရ တယ်။ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၅၄ဝဝဝဝ လောက်အဆောက်အအုံရဲ့ ကြမ်းခင်းဧရိယာကို မူတည်ပြီးတော့ တစ်စတုရန်း မီတာကို ၁၈ ဒေါ်လာနှုန်းနဲ့ တွက်ယူတာဖြစ်ပါတယ်။ အကယ်၍ ဒီအဆောက်အအုံကို ထပ်ပြီး ချဲ့ခဲ့မယ်ဆိုရင်လည်း ထပ်ပြီးရမှာဖြစ်ပါတယ်။ နှစ် ၅ဝ ပြည့်သွားရင် နိုင်ငံတော်လက်ထဲကို အဆောက်အအုံ ပြန်ရောက်လာမှာဖြစ်ပါတယ်” ဟု ဆက်လက် ပြောဆိုထားသည်။
အဆိုပါ မြေနေရာလွတ် တစ်ခုလုံးအား မြန်မာ ပြည်သူလူထု ကျန်းမာရေးအတွက် ပြည်သူ့ဆေးရုံ ဆောက်လုပ်ရန် ဂျပန်အစိုးရက ကမ်းလှမ်းခဲ့သော်လည်း တာဝန်ရှိသူတို့က မြေနေရာတစ်ဝက်ကိုသာ ဆောက်လုပ်ရန် ခွင့်ပြုပေးခဲ့ပြီး ကျန်မြေနေရာတစ်ဝက်ကိုမူ ယခုကဲ့သို့ ပုဂ္ဂလိသို့ ငှားရမ်းခဲ့ခြင်းမှာ တာဝန်ရှိသူများနှင့် ပုဂ္ဂလိကလူတစ်စု၏ အကျိုးစီးပွားအတွက် အလွဲသုံးစား ဆောင်ရွက်ခြင်းဟု ယုံကြည်ကြောင်းလည်း ကျန်းမာရေးဆိုင်ရာ ၀န်ထမ်းများ၏ ကန့်ကွက်လွှာတွင် ပါရှိသည်။ ငှားရမ်းလိုက်သည့် မြေနေရာမှာ ကျန်းမာရေးဝန်ကြီးဌာနပိုင် မြေနေရာ မဟုတ်ဘဲ ပြည်ထဲရေးဝန်ကြီးဌာနပိုင် မြေနေရာဖြစ်ကြောင်း MIC ဘက်မှ အဆိုပါ တွေ့ဆုံမေးမြန်းခန်းတွင် ထည့်သွင်း ရှင်းလင်းထားသည်။

အောက်ချင်း သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: