ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

မြန်မာနိုင်ငံ၏ ဒီမိုကရေစီသက်တမ်းမှာ ငါးနှစ်ခန့်သာ ရှိသေးသဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်လိုပါက ဖွဲ့စည်းပုံပါ အခြေခံခံဥပဒေ အခန်း (၁၂) ပါအတိုင်း ပြင်သင့်ပြင်ထိုက်သည့် အချက်များကို သင့်လျော်သည့်အချိန် တွင် ပြုပြင်ရမည်ဖြစ်ကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖေဖော်ဝါရီလ ၁၂ ရက်က ကလောမြို့တွင် ပြုလုပ်သည့် ကလောတပ်နယ် စစ်ဦးစီးတက္ကသိုလ် သင်တန်းသား အရာရှိကြီးများနှင့် တွေ့ဆုံပွဲတွင် ထည့်သွင်းပြောဆိုလိုက်သည်။
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ဓာတ်ပုံ - တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး Facebook)

အဆိုပါ တွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပြင် ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဒုဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊၊ စစ်ဦးစီးတက္ကသိုလ်ကျောင်းအုပ်နှင့် နည်းပြအရာရှိများနှင့် ဒုတိယဗိုလ်မှူးကြီးအဆင့် သင်တန်းသားအရာရှိ ၂၂၀ တက်ရောက်ခဲ့သည်။

“ပြည်သူလူထု၏ ဆန္ဒနှင့်အညီ ပါတီစုံဒီမိုကရေစီ စနစ်ဖော်ဆောင် ရာတွင် တပ်မတော်အနေဖြင့် ယင်းစနစ် ခိုင်ခိုင်မာမာ ရှိစေရန်အတွက် ဥပဒေနှင့်အညီ မှန်ကန်စွာ ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း၊ နိုင်ငံတကာ တွင် နိုင်ငံပြုပြင်ပြောင်းလဲမှု ကာလအတွင်း ပြိုကွဲသွားသည့် နိုင်ငံများ ရှိကြောင်း၊ မိမိနိုင်ငံအနေဖြင့် ဒီမိုကရေစီ သက်တမ်း ၅ နှစ် ခန့်သာ ရှိသေးသဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး နှင့် ပတ်သက်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁၂) ပါအတိုင်း ပြင်သင့်ပြင်ထိုက်သည့် အချက်များကို သင့်လျှော်သည့် အချိန်တွင် ပြုပြင်ရမည်ဖြစ်ကြောင်း၊ အဓိကမှာ ဒို့တာဝန် အရေးသုံးပါးကို မထိခိုက်ရန်ဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှုသည် ဒီမိုကရေစီတွင် မရှိမဖြစ်လိုအပ်ကြောင်း၊ အလားတူ တရားဥပဒေ စိုးမိုးရေး ရှိရန်လိုကြောင်း၊ ထို့ကြောင့် တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများကို မဖြစ်မနေဖြေရှင်းရမည်ဖြစ်ကြောင်း၊ လက်နက်စွဲကိုင်ပြီး ဒီမိုကရေစီ ဖော်ဆောင်၍ မရနိုင်ကြောင်း၊ ဒီမိုကရေစီစနစ်ကို လက်ခံပါက လက်နက် စွန့်လွှတ်၍ တရားဥပဒေနှင့် အညီသာ ရယူလိုသည့် တောင်း ဆိုမှုများ ပြုလုပ် ရမည်ဖြစ်ကြောင်း” ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ယင်းသို့ ပြောဆိုမှုမှာ အာဏာရ ပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် နောက်ဆုံး အကြိမ် တွေ့ဆုံမှုအပြီးတွင် ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်၍ ထပ်မံပြောဆိုလိုက်ခြင်းလည်း ဖြစ်သည်။

အဆိုပါ တွေ့ဆုံပွဲတွင် အခြေခံဥပဒေ ပြင်ဆင်ရေးအပြင် တပ်နှင့် ဆက်စပ်သည့် ကိစ္စရပ်များကိုပါ ထည့်သွင်းပြောကြားခဲ့ရာ “ခေါင်းဆောင်မှုကောင်းမွန်မှသာ တပ်များစွမ်းရည် ထက်မြက်ကောင်းမွန် မည်ဖြစ်ကြောင်း၊ ဖခင်စိတ်နှင့် တပ်မှူးစိတ်ယှဉ်၍ လုပ်သင့်လုပ်ထိုက် သည်များကို မှန်မှန်ကန်ကန် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ခေါင်းဆောင် ၏ အုပ်ချုပ်မှုသည် တပ်၏ လုပ်ဆောင်ချက်များအပေါ် အကျိုးသက်ရောက်မှု များစွာရှိသဖြင့် ဖခင်စိတ်ဖြင့် ညီညွှတ်မျှတစွာ အုပ်ချုပ်ကြရန်လိုကြောင်း၊ တစ်ဖက်တွင်လည်း တပ်မှူးစိတ်ဖြင့် ရဲဝံ့ပြတ်သားစွာ ဦးဆောင်မှု ပေးရ သည်များရှိကြောင်း “ငါပြောသလိုလုပ်၊ ငါလုပ်သလိုလုပ်” ဟု ပြတ်သားစွာ ဦးဆောင်မှု ပေးရာတွင် မိမိပြောဆိုလုပ်ကိုင်မှုများ မှန်ကန်မှသာ လက်အောက်မှ ယုံကြည်လေးစားမှု ရရှိမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

အောက်ချင်းသတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: