(ဖြတ်သန်းခဲ့ရသည့် သတင်းထောက်ဘ၀ အတွေ့အကြုံ)

နေရာက စစ်ကိုင်းတိုင်း၊ ကလေးခရိုင်အပိုင်၊ အိန်္ဒိယ-မြန်မာချစ်ကြည်ရေး ကလေး-တမူးကားလမ်းဘေးက မော်လိုက် ကလေး (မြောက်) ရေဘေးရှောင်ပြည်သူများ ပြန်လည်ထူထောင်ရေးစခန်း။ အိမ်ထောင်စုက ၁၇၃ စုရှိပြီး လူဦးရေက ၇၅၁ ဦးအထိ ရှိတဲ့ ရေဘေးရှောင်ပြည်သူများ ပြန်လည်ထူထောင်ရေးစခန်း။ ဆိုင်းဘုတ်ကြီးရဲ့ နောက်မှာတော့ ရေဘေးသင့် ပြည်သူတွေအတွက် နေရာချထားပြီး မြေကွက်ပေါ်မှာကျိုးတိုးကျဲတဲ နေအိမ်တွေကို တွေ့ရသလို တောင်ပူစာလို ဖြစ်နေတဲ့ မြေတွေကိုညှိပေးနေတဲ့ မြေညှိယာဉ်ကြီးတွေကို တွေ့ရပါတယ်။

စခန်းကို ၀င်ဝင်ချင်းပဲ တွေ့လိုက်ရတာက ““ကလေးမြို့၊ မော်လိုက်ကလေးမြောက်ရွာ၊ ရွာမြေ၀ယ်ရန် ကျောက်ထုမြို့ (မဘသ) ဆရာတော် များ ဦးဆောင်သည့် ဒကာ+ဒကာမများက ကျပ်သိန်းတစ်ဆယ်ကို လှူဒါန်းပါသည်”” ဆိုင်းဘုတ်နဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ရဲ့ “အာဟာရထောက်ပံ့မှု အစီအစဉ်” ၊ “ရိက္ခာထောက်ပံ့မှုအစီအစဉ်” ဆိုတဲ့ ကြေညာဆိုင်းဘုတ်တွေပါ။
ဓာတ်ပုံ - အောင်ထွန်းလင်း
ဆိုင်းဘုတ်တွေရဲ့ ဘေးမှာတော့ တဲလေးတစ်ခု ထိုးထားပြီး အဲဒီတဲလေးကို “ကျေးရွာပြန်လည်ထူထောင်ရေး ကော်မတီ” အဖွဲ့ဝင်တွေက ရုံးအဖြစ် အသုံးချပြီး ပြန်လည်နေရာချထားပေးရေး အကွက်ချမြေပုံကို ချိတ်ဆွဲထားပါတယ်။

ဧကပေါင်း ၃၄ .၄၄ ရှိတဲ့ ဒီအကွက်ချမြေပုံအရ ပေ ၆၀x၈၀၊ ၄၀x၆၀၊ ၃၀x၄၀ မြေကွက်တွေ ပါသလို ဌာနဆိုင်ရာ မြေကွက်၊ ဘုန်းတော်ကြီးကျောင်း မြေကွက်၊ ပေ ၃၀ အကျယ်ရှိမယ့် လမ်းမြေအတွက် မြေနေရာတွေ ပါပါတယ်။ ဒါ့အပြင် သုံးလို့ မရတဲ့ လျှို (ချောက်) မြေနေရာက ၃ .၄၉ ဧက ပါဝင်ပါသေးတယ်။ အကြံပြုချက်အနေနဲ့ လျှို (ချောက်) နေရာမှာ မြေဖို့ပြီး အဆောက်အဦဆောက်မယ်ဆိုရင် ဖို့မြေအသားသေပြီး မြေကျွံကျခြင်းမရှိတဲ့အချိန်ကျမှ ဆောက်လုပ်ဖို့လည်း အကြံပြု ချက် ထည့်ထားပါသေးတယ်။

ရေဘေးရှောင် ပြန်လည်ထူထောင်ရေး စခန်းမှာ ရှိတဲ့ လူအများစုဟာ တောင်သူလုပ်ကိုင်ကြသူတွေ ဖြစ်ပြီး မြေကွက် တွေကိုတော့ မဲဖောက်ပြီး ချပေးတယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။ မဲဖောက်ပြီး ချပေးတယ်ဆိုပေမယ့်လို့ အလကားတော့ မဟုတ်ပါဘူး။ ပေ ၆၀x၈၀ မြေကွက်ဆိုရင် ကျပ်ငါးသိန်း၊ ပေ ၄၀ထ၆၀ ဆိုရင် ကျပ် နှစ်သိန်းခွဲ သတ်မှတ် ထားပြီး အခုနောက်ပိုင်း ကော်မတီရန်ပုံငွေဆိုပြီး ကျပ်ငါးသိန်းတန်က ခြောက်သိန်းဖြစ်၊ ကျပ် နှစ်သိန်းခွဲတန်က ကျပ်သုံးသိန်း သတ်မှတ်လိုက်လို့မကျေနပ်သံတွေကလည်း ပြန်လည်ထူထောင်ရေး ကော်မတီရုံးခန်း အနီးတ၀ိုက်မှာ လျှံထွက်နေပါတယ်။ မြေကွက်ကောင်း ရသူ လည်း ရသလို မြေကွက်အတွက် အိမ်ထောင်စုစာရင်းကောက်စဉ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ အားနည်း ချက်ကြောင့် ရွာရှိ လူအကုန် မကောက်နိုင်လို့ မြေကွက်မဲဖောက်တဲ့အခါ မပါလို့ဆိုပြီး မြည်တွန်းတောက်တီးသူကလည်း အဲဒီထဲမှာ အနည်းငယ် ပါ ပါသေးတယ်။

ကော်မတီ ရုံးခန်းထဲမှာ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက အကျိုးခံစားခွင့်ရှိသူများ၏ လိုအပ်ချက်အလျောက် အသုံးပြု နိုင်သော ငွေကြေးထောက်ပံ့မှုအစီအစဉ်ဆိုပြီး တစ်အိမ်ထောင်စုလျှင် ကျပ်ငါးသိန်းတိတိ ဆိုတဲ့ ဗီနိုင်းကြီး ကပ်ထားပြီး ခံစားခွင့် ရသင့်တဲ့ အိမ်ထောင်စုတွေရဲ့ အချက်အလက်ကိုလည်း ကပ်ထားပါတယ်။

ဓာတ်ပုံ - အောင်ထွန်းလင်း
အကျိုးခံစားခွင့်ရရှိသင့်တဲ့ အိမ်ထောင်စုကို သတ်မှတ်ထားရာမှာ အစိုးရ သို့မဟုတ် အဖွဲ့အစည်းတွေက ကျပ် ၁၅၀၀၀၀ နဲ့အထက် ရဖူးသူ၊ သို့မဟုတ် ယင်းပမာဏနဲ့ တူညီတဲ့ အခြား ပစ်္စည်း မရရှိဖူးသူ ဖြစ်ရပါမယ်။ နောက်ပြီး လက်ရှိနေထိုင်ရာ အရပ်မှာ အမြဲနေထိုင်သူ ဖြစ်ရမှာ ဖြစ်ပြီး အခြားဒေသမှာ နေအိမ်၊ လယ်ယာမြေ မရှိသူ ဖြစ်ရပါမယ်။ နောက်ပြီး ရေကြီးရေလျှံမှုကြောင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ ပစ်္စည်း၊ တိရစ္ဆာန်၊ လယ်မြေ၊ ယာမြေနဲ့ နေအိမ်တွေ တစ်စိတ်တစ်ပိုင်းသော်လည်းကောင်း၊ အလုံးစုံသော်လည်းကောင်း ပျက်စီး ဆုံးရှုံး ပျောက်ဆုံး တဲ့ မိသားစုတွေသာ ကြက်ခြေနီအသင်းရဲ့ ထောက်ပံ့မှုကို ရမယ်လို့ သတ်မှတ်ထားပါတယ်။

ဒါ့အပြင် အကျိုးခံစားခွင့် ရရှိသင့်သော ထိခိုက်လွယ်အိမ်ထောင်စု ဆိုပြီး အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ် အိုပါသော အိမ်ထောင်စု၊ အမျိုးသမီးဦးဆောင်သော အိမ်ထောင်စု၊ မသန်စွမ်းရှိသော အိမ်ထောင်စု၊ နာတာရှည်ရောဂါသည် ရှိသော အိမ်ထောင်စု၊ ကိုယ်ဝန်ဆောင်မိခင်-မီးဖွားပြီးခါစမိခင်ပါသော အိမ်ထောင်စု၊ အသက် ၁၂ နှစ်နှင့်အောက် ကလေး လေးဦးရှိသော အိမ်ထောင်စုတွေဆိုပြီး ဒုတိယအဆင့် သတ်မှတ်ထားပေးပြန်ပါတယ်။

ဒါက မြန်မာနိုင်ငံ ကြက်ခြေနီအသင်းရဲ့ ရေဘေးသင့်ပြည်သူအပေါ် ကူညီမှုပါ။ သတ်မှတ်ချက်အလိုက် ထောက်ပံ့ကြေး ငါးသိန်းရတဲ့သူ ရှိသလို အဲဒီထက် လျော့နည်းပြီး ရတဲ့သူလည်း ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဓာတ်ပုံ - အောင်ထွန်းလင်း
တကယ်တော့ အခု မြေနေရာ ပြန်ချပေးထားတဲ့ မြေနေရာကို အစိုးရက ပုဂ္ဂလိကဆီကနေ ၀ယ်ယူပြီး အကွက်ရိုက် ပြန်လည်ရောင်းချတာပါ။ အစိုးရဘက်က လုပ်ပေးတာဆိုရင် မညီညာတဲ့မြေနေရာတွေကို မြေညှိစက်နဲ့ ညှိပေးခြင်းပါ။ နောက်ပြီး မြေကွက်ကို အတိုးကြီးကြီးပေးပြီး သစ်မ၀ယ်နိုင်လို့ အိမ်မဆောက်နိုင်သူတွေအတွက် စစ်တပ်သုံး ရွက်ဖျင်တဲတွေ ငှားပေးတာပါ။ အဲဒီရွက်ဖျင်တဲ ငှားပေးတာကလည်း အလုံးရေ သုံးဆယ်ပင် မပြည့်။ အိမ်ဆောက်ပြီးရင် ပြန်ပေးရမယ့်အပြင် မစုတ်မပြဲစေရ၊ မပျက်စီးစေရဆိုတဲ့ စည်းကမ်းချက်တွေနဲ့ ငှားထားတာပါ။

တကယ်တော့ ရေဘေးရှောင်ပြည်သူများ ပြန်လည်ထူထောင်ရေးစခန်း လို့ နာမည်တပ်ထားပေမယ့် အစားအသောက် အထောက်အပံ့ရပေမယ့် တခြားသော နေမှုထိုင်မှုနဲ့ နဂိုအတိုင်း ပြန်လည် ဖြစ်ဖို့ အရေးက ရေဘေးသင့်ပြည်သူတွေ ကိုယ့်ဟာကိုယ် တာဝန်ယူနေရတဲ့ အနေအထားပါ။

ကြက်ခြေနီ ထောက်ပံ့ကြေးမရခင်က နေစရာအိမ်ဝိုင်းမရှိလို့ ရေမြုပ်ခဲ့တဲ့ လယ်ကွက်ကို အပေါင်ပေး ငွေဆွဲပြီး ၀ယ်ခဲ့ရ တဲ့ အသက် ၈၀ ကျော် အဘ ဦးမြအောင်က “အဘတို့က မြေကို ထောက်ပံ့ကြေးမရခင်ကတည်းက ၀ယ်ခဲ့တာပ။ အခု ထောက်ပံ့ကြေးရပေမယ့်လည်း နဂိုက လယ်ကွက်ကလေး ပေါင်ပြီး ၀ယ်ခဲ့တာဆိုတော့ အတိုးက တက်တယ်ပ” ဟု ယောသံ ၀ဲဝဲနဲ့ ပြောပါတယ်။

ပုဂ္ဂလိကဆီက မြေ၀ယ်၊ အကွက်ရိုက်ပြီး ပြန်ရောင်းတဲ့အတွက် ကြက်ခြေနီအသင်းကရတဲ့ ထောက်ပံ့ကြေးဟာ မြေ၀ယ်ဖို့အတွက် ဖြစ်ခဲ့ရသလို အိမ်ဆောက်ဖို့ ကျပြန်တော့လည်း အိမ်အုတ်ဖိနပ်တွေ ပေးမယ်၊ ဒါပေမဲ့ လုပ်ခတော့ ပေးဆိုပြီး အုတ်ဖိနပ်တစ်လုံးကို ၄၀၀၀၊ ၄၅၀၀ ကျပ်နဲ့ ပြန်ရောင်းပြန်ပါသေးတယ်။ ဘာနဲ့တူသလဲဆိုရင် အစိုးရ အထောက်အပံ့မဲ့တဲ့အတွက် မြေကွက်တွေကို ကြက်ခြေနီအသင်းက ၀ယ်ပေးရသလို ဖြစ်နေပါတော့တယ်။

“အခုလည်း အုတ်ဖိနပ်တွေ ပေးမယ် ပြောတယ်။ ဒါပေမဲ့ လုပ်ခဆိုပြီး တစ်လုံးကို ၄၀၀၀၊ ၄၅၀၀ ပေးရမယ်ဆိုပြီး ပြောနေပြန်တယ်” လို့ အဘဦးမြအောင်ရဲ့ သားဖြစ်သူက ဆိုပါတယ်။

ဒါ့အပြင် အိမ်သာ အရေးကြီးတယ်၊ အိမ်သာတွေ ပေးမယ်၊ အိမ်သာကျင်း တူးကြဆိုပြီး ထူထောင်ရေးကော်မတီနဲ့ အထက်က အမိန့်ပေးပြန်တော့ သက်ကြီးရွယ်အို များတဲ့အိမ်တွေက ကိုယ်တိုင်မလုပ်နိုင်လို့ အိမ်သာတစ်ကျင်းကို ကျပ် ၁၅၀၀၀ နဲ့ တူးရနဲ့ တစ်ပူပေါ် တစ်ပူဆင့်နဲ့ ကြုံနေသူတွေလည်း ရှိပါသေးတယ်။ အထက်က လာတဲ့ မူဝါဒကို ပြည်သူက ဒရွတ်ဆွဲပြီး ဖော်ဆောင်ပေးရသလို ဖြစ်နေပါတယ်။

မူလလက်ငုတ်လက်ရင်း လယ်ယာလုပ်ငန်းခွင်တွေကလည်း ရေနစ်မြုပ်ပြီး ကျန်ရစ်ခဲ့တဲ့ နွံမြေကြောင့် အလုပ်က မဖြစ်၊ ကြက်ခြေနီ ထောက်ပံ့ကြေးကလည်း မြေကွက် ပြန်ဝယ်လို့ ကုန်ရတဲ့အထဲ နေအိမ်ဆောက်ဖို့အတွက်က ရေဘေးသင့်ပြည်သူတွေ အတွက် ပူပင်စရာတစ်ခု ဖြစ်လို့နေပါတယ်။

ဓာတ်ပုံ - အောင်ထွန်းလင်း
လူအင်အားများတဲ့သူတွေကတော့ ရေနစ်မြုပ်ခံခဲ့ရတဲ့ နေအိမ်ကို ပြန်ဖော်ပြီး ဆောက်လုပ်ကြသလို တချို့ကလည်း ရေတက်စဉ်က ပါလာတဲ့ သစ်ပင်တွေကနေ သုံးလို့ရတဲ့ သစ်တွေကို ခွဲပြီး နေအိမ်အတွက် ပြန်သုံးနိုင်ကြပေမယ့် တကယ်တမ်း သူတို့ စိတ်ပူနေကြတာက အလုပ်ပါ။

စားနပ်ရိက္ခာအတွက် WFP က လူတစ်ဦးကို တစ်လ ဆန် ၁၃ ကီလိုဂရမ်ခွဲ၊ ဆီ တစ်ဂရမ်နီးပါး၊ ဆား ၀ . ၁၅ ကီလိုဂရမ်ကို လစဉ်ထောက်ပံ့နေပေမယ့် ဒီထောက်ပံ့မှု ရပ်ဆိုင်းသွားတဲ့အချိန် ဘယ်လိုရပ်တည်ရမလဲ ဆိုတာ ရေဘေးသင့်ပြည်သူ တွေရဲ့ အတွေးထဲ အမြဲဝင်နေတဲ့ ပူပန်မှုပါ။၏

“ကျွန်မကတော့ ပြန်စိုက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အခုတောင် အိမ်အတွက် မြေကွက်က မရသေးဘူး။ မဲနှိုက်တာကို စောင့်နေရတုန်း။ ဒီတော့ ရေဖုံးသွားတဲ့ လယ်ကို ပြန်လုပ်ဖို့ဆိုတာ မစဉ်းစားနိုင်သေးသလို နောင်နှစ်မှာ ကိုယ့်လယ် မလုပ်နိုင်ရင် တော့ သူများဆီမှာ သူရင်းငှားပဲ လုပ်ရတော့မယ်” ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

အောင်ထွန်းလင်း (အောက်ချင်းသတင်းအေဂျင်စီ)
Share To:

Aung Maw

Post A Comment: