ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

ရန်ကုန်မြို့၊ ပြည်လမ်းပေါ်ရှိ ဒဂုံစင်တာမှ အရောင်းဝန်ထမ်းတစ်ဦးအား ဓားဖြင့် ထိုးထွက်ပြေးတိမ်းရှောင်သွားသည့် အမည်မသိ လူငယ်နှင့် ပတ်သက်သည့် အချက်အလက်များသိရှိပါက ရဲတပ်ဖွဲ့ထံ သတင်းပေးရန် နှိုးဆော်ထားရာ ဖေဖော်ဝါရီလ ၂၂ ရက်က ၄င်း၏ မိသားစုများကိုယ်တိုင် မြောက်ဥက္ကလာပ၊ ဝေဘာဂီနယ်မြေ ရဲစခန်းသို့ လာရောက်အပ်နှံခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၏ လူမှုကွန်ရက် Facebook စာမျက်နှာဖြစ်သည့် Yangon Police တွင် သတင်းထုတ်ပြန်ထားသည်။


အရောင်းဝန်ထမ်းအမျိုးသမီးအား ဓားဖြင့်ထိုးကာ ထွက်ပြေးတိမ်းရှောင်သွားသည်ဟု သံသယရှိခံရသူမှာမြောက်ဥက္ကလာပ၊ ဝေဘာဂီမြို့ နယ်အတွင်း နေထိုင်သူ လွမ်းနိုင်ဝင်း (ခ) မှတ်ကြီး၊ အသက် (၂၃) နှစ်ဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးချက်များအရ သိရှိခဲ့ရပြီးရဲတပ်ဖွဲ့မှ ၄င်း၏ နေအိမ်သို့ သွားရောက် စစ်ဆေးခဲ့သည်။

ထိုသို့သွားရောက်စစ်ဆေးစဉ် မောင်လွှမ်းနိုင်ဝင်းမှာ နေပြည်တော်သို့ထွက်ပြေးတိမ်းရှောင်နေသည့်အတွက် မိသားစုမှတစ် ဆင့် ပြန်လည်စည်းရုံးခိုင်းကာ ဖေဖော်ဝါရီလ ညနေ ၅ နာရီတွင် မောင်လွမ်းနိုင်ဝင်း အကိုဖြစ်သူ ဦးမျိုးမင်းထက်မှဝေဘာဂီရဲစခန်းသို့ လာရောက် အပ်နှံခဲ့ခြင်း ဖြစ်သည်။

ဝေဘာဂီရဲစခန်းသို့ မိသားစုမှ လာရောက်အပ်နှံသည့် မောင်လွမ်းနိုင် ၀င်းအား အမှုဖွင့်ထားသည့်ဒဂုံမြို့နယ် ရဲစခန်းသို့ ပြန်လည် လွှဲပြောင်းပေးအပ်ခဲ့ပြီး အမှုအား ဆက်လက်စစ်ဆေးဆောင် ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဓားဖြင့်တိုက်ခိုက်ခံခဲ့ရသူ အရောင်းဝန်ထမ်း အမျိုးသမီးနှင့် မောင်လွမ်းနိုင်ဝင်းတို့မှာလူမှုကွန်ရက်ဖြစ်သည့် Facebook တွင် ရင်းနှီးခဲ့ကြသူများ ဖြစ်ပြီး ဓားဖြင့်ထိုးနှက်မှုကြောင့် အမျိုးသမီးငယ်မှာ ၀ဲပါးပြတ်ရှ၊ ၀ဲလက်မောင်းပြတ်ရှ၊၀ဲလက်ဖျံစုတ်ပြဲ၊ ၀ဲရင်အုံပြတ်ရှ ဒဏ်ရာများ ရရှိခဲ့ပြီး ရန်ကုန် ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ကုသမှုခံယူခဲ့ရသည်။

ယင်းသို့ ဓားဖြင့် တိုက်ခိုက်ထွက်ပြေးသွားသူ အမျိုးသားအား စုံစမ်းအရေးယူပေးရန်အတွက်တိုက်ခိုက်ခံရသူ အမျိုးသမီး၏ အစ်မဖြစ်သူ ဒေါ်ဖြူသီက ဒဂုံမြို့နယ် ရဲစခန်းတွင်တိုင်တန်း ထားမှုကြောင့် (ပ)၃၇/၂၀၁၇၊ ပြစ်မှုပုဒ်မ - ၃၂၆ အရ အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

အောက်ချင်းသတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: