ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်၊ ပြည်လမ်းပေါ်ရှိ တော်ဝင်စင်တာတွေ အရောင်းဝန်ထမ်းအဖြစ် လုပ်ကိုင်နေသူ အမျိုးသမီးအား ဓားဖြင့် ထိုးကာ ထွက်ပြေးတိမ်းရှောင်နေသူ အမျိုးသားနှင့် ပတ်သက်၍ တစုံတရာ သိရှိပါက သတင်းပေး ကူညီနိုင်ကြရန် ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဖေဖော်ဝါရီလ ၂၀ ရက်တွင် ၄င်းတို့၏ လူမှုကွန်ရက် Facebook စာမျက်နှာ Yangon Police မှတစ်ဆင့် နှိုးဆော်ထားသည်။

ဖေဖော်ဝါ၇ီလ ၁၉ ရက် ညနေ ၄ နာရီခွဲအချိန်ခန့်က ဓားဖြင့် အထိုးခံရသူ ၀မ်းချောင်းမြို့နယ်နေ အသက် ၂၀ နှစ်ခန့် အမျိုးသမီးထံသို့ ရှာထိုးဦးထုပ်အနက်၊ အင်္ကျီလက်ရှည်အဖြူ၊ နက်ပြာရောင် ဘောင်းဘီရှည် ၀တ်ဆင်ထားသည့် အသက် ၂၅ နှစ်ခန့် အရွယ် အမျိုးသားတစ်ဦး ရောက်ရှိလာကာ စကားပြောဆိုခဲ့ကြောင်း၊ ယင်းနောက် တော်ဝင်စင်တာ ပထမထပ်ရှိ အထည်ဆိုင်တန်းများ ရှေ့အရောက်တွင် အချင်းများရာမှ အမျိုးသားမှ အမျိုးသမီးငယ်အား လက်သီးဖြင့် ထိုးကာ အသင့် ပါလာဖြင့် ခေါက်ဓားဖြင့် ထိုးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အမျိုးသားလူငယ်နှင့် အမျိုးသမီးတို့မှာ လူမှုကွန်ရက်ဖြစ်သည့် Facebook တွင် ရင်းနှီးခဲ့ကြသူများ ဖြစ်ပြီး အမည်မသိကြောင်းနှင့် ဓားဖြင့် ထိုးနှက်မှုကြောင့် အမျိုးသမီးငယ်မှာ ၀ဲပါးပြတ်ရှ၊ ၀ဲလက်မောင်းပြတ်ရှ၊ ၀ဲလက်ဖျံစုတ်ပြဲ၊ ၀ဲရင်အုံပြတ်ရှ ဒဏ်ရာများ ရရှိခဲ့ပြီး ရန်ကုန် ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ကုသမှုခံယူခဲ့ရသည်။

ယင်းသို့ ဓားဖြင့် တိုက်ခိုက်ထွက်ပြေးသွားသူ အမျိုးသားအား စုံစမ်းအရေးယူပေးရန်အတွက် တိုက်ခိုက်ခံရသူ အမျိုးသမီး၏ အစ်မဖြစ်သူ ဒေါ်ဖြူသီက ဒဂုံမြို့နယ် ရဲစခန်းတွင် တိုင်တန်း ထားမှုကြောင့် (ပ)၃၇/၂၀၁၇၊ ပြစ်မှုပုဒ်မ - ၃၂၆ အရ အမှုဖွင့်ထားပြီး ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းမှုများ ပြုလုပ်လျက် ရှိကြောင်း Yangon Police Facebook တွင် ကျူးလွန်သူ၏ ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်။

ပြစ်မှုကျူးလွန်သူ၏ ကိုယ်ရေးအချက်အလက်များကို Yangon Police Facebook တွင် တစုံတစ်ရာ ဖော်ပြထားခြင်း မရှိသော်လည်း ဓာတ်ပုံဖော်ပြခံထားသူနှင့် ပတ်သက်သည့် သတင်းတစုံတရာရရှိပါက ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး - ၀၁ ၂၃၀၀၇၄၇, အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး - ၀၁ ၃၇၆၁၆၆ နှင့် ဒဂုံမြို့မရဲစခန်း - ၀၁ ၃၇၄၄၂၇ တို့သို့ ဆက်သွယ် သတင်းပေးပို့ကြရန် နှိုးဆော်ထားသည်။

အောက်ချင်းသတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: