ဓာတ်ပုံ - သန့်ဇင်ဆွေ (အောက်ချင်းသတင်းအေဂျင်စီ)
ကလေး၊ ဖေဖော်ဝါရီ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ နတ်ကြီးကုန်းကျေးရွာအုပ်စု၊ နန်းဇလိန်ကျေးရွာရှိ အခြေခံပညာ မူလတန်း (ခွဲ) ကျောင်းတွင် သူငယ်တန်းမှ စတုတ္ထတန်းအထိ ရှိသော်လည်း ကျောင်းဆရာ တစ်ဦးသာ ရှိသည့်အတွက် သင်ကြားပေးမှုအပိုင်းတွင် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း အဆိုပါ ကျောင်းတွင် အကူဆရာမအဖြစ် လုပ်ကိုင်ပေးနေသူ ဒေါ်ဇင်ဝင်းမာက အောက်ချင်းသတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါကျောင်းတွင် ကျောင်းသားဦးရေ စုစုပေါင်း ၃၇ ဦးသာ ရှိသော်လည်း အတန်းအဆင့်လိုက် ခွဲခြား သင်ကြားရခြင်းဖြစ်ပြီး ကျေးရွာမှ အကူဆရာမ နှစ်ဦးအား ကျေးရွာရန်ပုံငွေဖြင့် ခန့်အပ်ထားသည့်အတွက် အစိုးရမှ တရားဝင်ခန့်အပ်ပေးမည့် ဆရာများ လိုအပ်လျက်ရှိသည်။

နန်းဇလိန် ကျေးရွာ မူလတန်း (ခွဲ) အတွက် အစိုးရက ကျောင်းဆရာနှစ်ဦး ချထားပေးသော်လည်း တစ်ဦးသာ ရောက်ရှိလာသေးသည့်အတွက် ကလေးငယ်များ ပညာရေးအတွက် လုံလောက်သည့် ဆရာ ဦးရေ ချထားပေးရန်အတွက် လိုအပ်ကြောင်းလည်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က ဆိုသည်။

ယင်း မူလတန်း (ခွဲ) ကျောင်းတွင် စာသင်ကြားရန်အတွက် အဆောက်အဦမှာလည်း ဆောက်လုပ်ဆဲ ဖြစ်၍ ကျောင်းသားကလေးငယ်များအတွက် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိပြီး စာမေးပွဲ ဖြေဆိုချိန်တွင်လည်း ရွာနှင့် ၁၂ မိုင်ကျော် ကွာဝေးသည့် နတ်ကြီးကုန်းကျေးရွာသို့ သွားရောက်ဖြေဆိုရသည့်အတွက် သွားလာရေး အခက်အခဲများလည်း ဖြစ်ပေါ်လျက် ရှိသည်။
ဓာတ်ပုံ - သန့်ဇင်ဆွေ (အောက်ချင်းသတင်းအေဂျင်စီ)
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၏ အမိန့်ကြော်ငြာစာ အမှတ် ၁၉/၂၀၁၆ အရ အခြေခံ ပညာဦးစီးဌာနရှိ အခြေခံမူလတန်းအဆင့်သင် ကျောင်းများအား တစ်ကျောင်းလျှင် မူလတန်းကျောင်းအုပ် တစ်နေရာ၊ မူလတန်းပြ ခြောက်နေရာ၊ အထွေထွေလုပ်သား တစ်နေရာ၊ စုစုပေါင်း ခြောက်နေရာဖြင့် ပြင်ဆင်ဖွဲ့စည်းခွင့်ပြုကြောင်း ပညာရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာခင်စန်းရီက ညွှန်ကြားထားပြီး ဖြစ်သည်။
ဓာတ်ပုံ - သန့်ဇင်ဆွေ (အောက်ချင်းသတင်းအေဂျင်စီ)

ထို့ပြင် ယင်းညွန်ကြားချက်တွင် အခြေခံပညာ ဦးစီးဌာနလက်အောက်ရှိ အခြေခံပညာ မူလတန်းကျောင်း ၄၃၉၃၀ ကျောင်းတွင် ယခင် မူလတန်းပြဆရာ ၁၃၆၇၂၆ ခန့်ဖြင့် ဖွဲ့စည်းထားမှုအား ထပ်တိုးဆရာဦးရေ ၁၂၆၈၅၄ ဖြင့် ဆရာဦးရေစုစုပေါင်း ၂၆၃၅၈၀ ဦးရေဖြင့် တိုးချဲ့ဖွဲ့စည်းခွင့်ပြုကြောင်းလည်း ပါရှိသည်။

သန့်ဇင်ဆွေ (အောက်ချင်းသတင်းအေဂျင်စီ)
Share To:

Aung Maw

Post A Comment: