ကလေး၊ ဖေဖော်ဝါရီ ၂၀

၂၀၁၅ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုကြောင့် နွံတင်ကာ ပျက်စီးသွားသည့် လယ်ယာများကို လာမည့်နှစ်တွင် စပါးပြန်လည်စိုက်ပျိုးနိုင်ရန်အတွက် အကူအညီများ ပေးအပ်သွားရန် အစိုးရက စီစဉ်လျက် ရှိသော်လည်း လတ်တလော စိုက်ပျိုးထားသည့် သီးနှံများကို ဖျက်သိမ်းရမည်ဖြစ်သည့်အတွက် အခက်အခဲ တွေ့လျက်ရှိသည်။

ရေကြီးရေလျှံမှုကြောင့် နွံတင်ထားသော ပျက်စီးလယ်မြေများပေါ်တွင် လယ်သမားများအနေဖြင့် ဆောင်း ရာသီသီးနှံဖြစ်သည့် နေကြာ၊ ပဲ စသည်တို့ကို တစ်နိုင်တစ်ပိုင် ပြန်လည်စိုက်ပျိုးလျက်ရှိရာ အစိုးရ၏ အကူ အညီဖြစ်သည့် လယ်ယာမြေ ပြန်လည်ထွန်ယက်ခြင်းများကို လက်ခံမည်ဆိုပါက လက်ရှိစိုက်ပျိုးထားသည့် သီးနှံများကို ပြန်လည်ရှင်းထုတ်ရမည်ဖြစ်သည်။

ဓာတ်ပုံ - အောင်သူဝင်း
“ပြီးခဲ့တဲ့ စပါးစိုက်ချိန်တုန်းကလည်း ကျွန်တော်တို့ လယ်တွေက ရေတွေ နစ်မြုပ်သွားတဲ့အတွက် စပါးလည်း မသိမ်းခဲ့ရဘူး။ အခု အဲဒီ ပျက်စီးသွားတဲ့ လယ်မြေမှာ ဆောင်းသီးနှံအနေနဲ့ မြေပဲနဲ့ နေကြာ စိုက်ထားတယ်။ အစိုးရက လယ်ယာမြေတွေ ပြန်လည်ဖော်ဆောင်ပေးမယ် ဆိုတာကိုတော့ ၀မ်းသာပါတယ်။ ဒါပေမဲ့ လယ်ယာမြေ ပြန်လည် ဖော်ဆောင်မယ်ဆိုရင် ကျွန်တော်တို့ စိုက်ပျိုးထားတဲ့ သီးနှံတွေက ဖျက်ရတော့မှာ။ မိုးတုန်းကလည်း ရေလျှံလို့ မသိမ်းခဲ့ရဘူး။ အခု ဆောင်းသီးနှံလည်း မသိမ်းရဘူးဆိုရင် စီးပွားရေး အခြေအနေက ပိုဆိုးသွားမှာ။ ကျွန်တော်တို့ အပျက်အစီးခံပြီး သူတို့ အကူအညီကို လက်ခံတယ်ပဲ ထားဦး။ သူတို့က ဘယ်အတိုင်းအတာနဲ့ ဘယ်လိုကူညီမယ်မသိ။ အခင်းလည်း ဖျက်လိုက်ရသေးတယ်။ လာမယ့်နှစ် မိုးစပါးလည်း ကောင်းကောင်း မစိုက်ရဘူးဆိုရင် ကျွန်တော်တို့ ဘ၀တွေက ပိုပြီး ခက်ခဲသွားမှာ” ဟု ကလေး မြို့ ထိုမာစံပြကျေးရွာနေ တောင်သူတစ်ဦးဖြစ်သူ ဦးမင်းမင်းဌေးက အောက်ချင်းသတင်းအေဂျင်စီသို့ ပြောသည်။

ဓာတ်ပုံ - အောင်သူဝင်း
ယခင်ကလည်း ဆောင်းရာသီနှံ စိုက်ပျိုးနိုင်ရန်အတွက်ဟုဆိုကာ အစိုးရက လယ်တစ်ဧကလျှင် နှစ်နာရီနှုန်း ဖြင့် လယ်ထွန်စက်များ အခမဲ့မောင်းပေးခဲ့ဖူးသည်။ သို့သော် အဆိုပါ နွံတင်နေသည့် လယ်မြေများမှာ မူလအတိုင်း ပြန်လည်စိုက်ပျိုးနိုင်ရန်အတွက် အနည်းဆုံး သုံးကြိမ်ခန့် ထွန်ယက်ရသည့်အတွက် လိုအပ်ရာ တစ်ကြိမ်လျှင် ကျပ် ၁၅၀၀၀ နှုန်းဖြင့် ပုဂ္ဂလိက လုပ်ငန်းရှင်များထံမှ ငှားရမ်းထွန်ယက်ကာ ဆောင်းရာသီ သီးနှံများ စိုက်ပျိုးခဲ့ရပြီး အစိုးရထံမှ လုံလောက်သည့်အကူအညီ မရခဲ့ပေ။

“သူတို့ ကူညီတာကို ၀မ်းသာတယ်။ ဒါပေမဲ့ အခုအချိန်က ဆောင်းသီးနှံတွေလည်း စိုက်ထားသေးတာ ဆိုတော့ အဲဒါတွေ သိမ်းပြီးချိန်မှာမှ အကူအညီပေးရင် ပိုကောင်းမှာ။ သီးနှံတွေလည်း မပျက်စီးတော့ ဘူးပေါ့” ဟု လယ်ယာလုပ်ကိုင်နေသူ ကိုလင်းပုက ဆိုသည်။

မိုးစပါး ပြန်လည်စိုက်ပျိုးနိုင်ရန်အတွက် တစ်ဧကလျှင် ပျမ်းမျှ ကျပ် ရှစ်သိန်းမှ ၁၀ သိန်းနှုန်းဖြင့် ဧက ၁၀၀၀၀ ကူညီရန် အစိုးရက လျာထားပြီး ယခုအချိန်ကတည်းက စတင်လုပ်ဆောင်မှသာလျှင် မိုးစပါး စိုက်ပျိုးရန်အတွက် အချိန်မီနိုင်မည် ဖြစ်သည့်အတွက် ယခုကဲ့သို့ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း အစိုးရ တာဝန်ရှိသူများက ရှင်းလင်းထားသည်။
ဓာတ်ပုံ - အောင်သူဝင်း
“အစိုးရက သီးနှံတွေ စိုက်မထားတဲ့ နေရာတွေကို ကူညီဖို့ ပြောပါတယ်။ ဒါပေမဲ့ သီးနှံတွေ စိုက်မထားတဲ့နေရာတွေက လယ်တွေကလည်း နဂိုကတည်းက အရိုင်းတောလို နေရာတွေဆိုတော့ အဆင်မပြေဘူး။ သီးနှံတွေ စိုက်ထားတဲ့ လယ်မြေတွေကိုလည်း ဖျက်ရမယ်လို့ မပြောဘူးနော်။ သဘောတူမှ လက်ခံပါ။ ကျွန်တော်တို့ကတော့ မိုးလယ်မှာ ထွန်ယက်စိုက်ပျိုးလို့ရအောင် အထိ အကူအညီ ပေးမှာပါ။ အခုအချိန်ကတည်းက စမှ လာမယ့် မိုးစပါး စိုက်ပျိုးချိန်မီမှာပါ။ ဒါကြောင့် ကျွန်တော်တို့ကလည်း အခုကတည်းက စရမှာပါ” ဟု ကလေးမြို့ စက်မှုလယ်ယာဌာနမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ဌေးက ဆိုသည်။

အောက်ချင်းသတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: