ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

တိုင်းရင်းသားလက်နက်ကိုင် ရှစ်ဖွဲ့နှင့် ဦးသိန်းစိန်အစိုးရကြား ချုပ်ဆိုထားသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်နက်သဖွယ် အသုံးချ လာနေကြောင်း တွေ့မြင်နေရဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ဖေဖော်ဝါရီလ ၂၁ ရက်တွင် ကြေညာချက်ထုတ် ပြောဆိုလိုက်သည်။

ဖေဖော်ဝါရီလ ၁၂ ရက်မှ ၂၁ ရက်အထိ ကျင်းပပြုလုပ်သည့် UNFC (တိုးချဲ့) အစည်းအဝေးကို ပြုလုပ်ခဲ့ရာ အဆိုပါအစည်းအဝေးတွင် နိုင်ငံရေး၊ စစ်ရေးအခြေအနေများ ဆွေးနွေးသုံးသပ်ခြင်းများ ပြုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ ကြေညာချက်ထုတ် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

UNFC ထုတ်ပြန်သည့် ကြေညာချက်တွင် “လက်ရှိအစိုးရနှင့် တပ်မတော်တို့အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို စစ်ရေး၊ နိုင်ငံရေး လက်နက်သဖွယ် အသုံးချလာနေကြောင်း တွေ့မြင်နေရသည်” ဟု ပါရှိသည်။

လတ်တလော တိုက်ပွဲများဖြစ်နေသည့် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) နှင့် သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပတ်သက်၍လည်း နှစ်ဘက်တာဝန်ရှိသူ များအနေဖြင့် စေ့စပ်ညှိနှိုင်းခြင်းဖြင့် အဖြေရှာကြရန် တိုက်တွန်းထားသည့် အပြင် တွေ့ဆုံအဖြေရှာရေးအတွက်လည်း UNFC အနေဖြင့် ကြားဝင် ဖြန့်ဖြေ ဆောင်ရွက်သွားမည်ဟုလည်း အဆိုပါ ထုတ်ပြန်ချက်မှတစ်ဆင့် ပြောဆိုထားသည်။

အဆိုပါ တိုက်ပွဲများ ဖြစ်နေသည့် RCSS/SSA မှာ NCA လက်မှတ်ထိုး ထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခု ဖြစ်ပြီး “သွေးခွဲအနိုင်ယူရေး၊ စစ်ရေး နိုင်ငံရေးဗျူဟာဖြင့် တိုင်းရင်းသား အချင်းချင်းကြား လူမျိုးရေးမုန်းတီးမှုကို ဖြစ်ပေါ်စေသည့် လက်ရှိ အစိုးရ၊ တပ်မတော်၏ လုပ်ရပ်များအပေါ် ပြင်းထန်စွာ ရှုံ့ချလိုက်သည်” ဟုလည်း NCA ထုတ်ပြန်ချက်တွင် ပါရှိသည်။

အောက်ချင်း သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: