စစ်ကိုင်းတိုင်း၊ ကလေးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ခရိုင်ဥက္ကဋ္ဌ ဦးဘမင်းနှင့် စကားစမြည် (၁)


အောင်ထွန်းလင်း (အောက်ချင်းသတင်းအေဂျင်စီ)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့ဆိုတာ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းရဲ့ နယ်နိမိတ်ဖြစ်သလို အဲဒီဒေသမှာ မြန်မာတိုင်းရင်း သားတွေအပြင် ချင်းတိုင်းရင်းသား အများစုလည်း စုပေါင်းနေ ထိုင်ကြတဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။ ကလေးမြို့ဟာ ခရိုင်မြို့ဖြစ်ပေမယ့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးတဲ့ ဒေသလည်း ဖြစ်သလို ဘာသာရေး ကွာခြားမှု၊ ယဉ်ကျေးမှု မတူညီမှု၊ ရပ်တည်မှုခြင်း မတူညီမှုတွေဟာ ဒေသအခြေစိုက် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်အတွက် အခက်အခဲတစ်ရပ် ဖြစ်လာနိုင် သလို ဒေသခံပြည်သူတွေရဲ့ အသိပညာ ရေချိန် မြှင့်တင်ဖို့လည်း လတ်တလော လိုအပ်ချက်တစ်ခု ဖြစ်နေပါတယ်။ ဒါကြောင့် ကလေးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ခရိုင်ဥက္ကဋ္ဌ ဦးဘမင်းနဲ့ နိုင်ငံရေး၊ လူမှုရေး စတာတွေနဲ့ ပတ်သက်လို့ အောက်ချင်းသတင်းအေဂျင်စီက သွားရောက်တွေ့ဆုံ မေးမြန်းခဲ့တာကို ပြန်လည်တင်ပြလိုက်ပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ခရိုင်ဥက္ကဋ္ဌ ဦးဘမင်း

မေး - NLD ပါတီအနေနဲ့ ဒီဒေသမှာ အားကောင်းတဲ့ ပါတီဖြစ် ဖို့၊ နောင်တစ်ချိန်မှာ ဒီဒေသက ပြည်သူ့အ တွက် ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ပါတီဗဟိုကတော့ ထားပေါ့။ ဒီဒေသက ပါတီအကြီးအကဲ တစ်ယောက်အနေနဲ့ဆိုရင် ဘယ်ဟာတွေက စိန်ခေါ်မှုတွေ ဖြစ်လာမလဲ။

ဖြေ - အကြီးမားဆုံး စိန်ခေါ်မှုက ကျွန်တော်တို့ ပါတီအတွင်းမှာပဲဗျ။ အပြင်ကတော့ ကျွန်တော်တို့ကို ဒီလောက်ကြီး မထိုးနှက်နိုင်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ပါတီတွင်းမှာ ကျွန်တော်တို့က ပါတီကေဒါတွေ၊ ကေဒါငယ်လေးတွေပေါ့ နော်။ အငယ်လေးတွေကို သင်တန်းတွေ ပေးနိုင်ဖို့ ကျွန်တော်တို့ လုပ်ရမယ်။ ပါတီသဘော တရားတွေ ပေးနိုင်ဖို့ လိုပါတယ်။ နောက် ပါတီရဲ့ မူဝါဒတွေအ တိုင်း လျှောက်လှမ်းနိုင်အောင်၊ ပါတီစည်းကမ်းတွေကို တိတိကျကျ ကျွန်တော်တို့က ဆောင်ရွက်ပေးဖို့ လိုပါတယ်။ ပါတီစည်းကမ်းဖောက်ဖျက်သူတွေကို တိကျတဲ့ အရေးယူမှုသွားနိုင်မှ ပါတီက ဖွံ့ဖြိုးမယ် လို့ ပြောလို့ရတယ်။ ဒီလိုမဟုတ်ဘူးဆိုရင်တော့ အခုကတော့ ဘာဘဲဖြစ်ဖြစ် ကျွန်တော်တို့ တိုင်းပြည်ရဲ့ အပြောင်းအလဲအရ ပြောင်းလဲချိန် တန်လို့ ပြည်သူက ပုံအောပြီး မဲပေးပေမယ့် ကျွန်တော်တို့ နောင်လာမယ့် ပါတီကို ရင့်ကျက်အောင်၊ တည်ငြိမ်အောင် မတည်ဆောက် နိုင်ဘူးဆိုရင် အခြားအခြားသော ပါတီတွေလည်း ရှိနေတာကိုးနော်။ သူတို့က ၀င်ပြီး အစားယူလာကြမှာ၊ ကျွန်တော်တို့က ပြည်သူလူထုကို မှန်ကန်တဲ့ ဦးဆောင်မှု မပေးနိုင်ဘူးဆိုရင်။ ကျွန်တော်တို့ ခရိုင်အပါအ၀င် မြို့နယ်အလိုက်ပေါ့နော်။ ဒါ လူတိုင်း လူတိုင်းမှာ ရင့်ကျက်တဲ့ အသိစိတ်ဓာတ်နဲ့ တကယ်ပဲ ဒီမိုကရက်တစ်စရိုက်ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်မယ်ဆိုတဲ့ ရည်ရွယ ချက်နဲ့ ကိုယ့်ကိုယ်ကို မြုပ်နှံပြီးတော့မှ အဲဒီအပေါ် အကျိုးအမြတ်ရလဒ်တွေကို မလိုချင်ဘဲနဲ့ မိမိတို့ဘ၀ကို ပါတီအတွက်၊ ဒီမိုကရက်တစ်အတွက် မြုပ်နှံကြဖို့ပဲ။ ကျွန်တော်ကတော့ အဲဒီလိုပဲ မြင်တယ်။ ဒါတောင် တော်တော်တော့ ကြိုးစားယူရမှာပေါ့။
ကျွန်တော်တို့ဆီမှာ သိပ်အင်အားကောင်းတဲ့ ခေါင်းဆောင်တစ်ယောက် ရှိနေတာကိုး။ သိပ်အင်အားကောင်းတဲ့ ခေါင်းဆောင်တစ်ယောက် မရှိတော့တဲ့အချိန်မှာဆိုရင်၊ ဒီဟာကို ကြပ်ကြပ်မတ်မတ် မလုပ်နိုင်ဘူးဆိုရင် ကျွန်တော်တို့က ဒါ ဆုတ်ယုတ်မှု ဖြစ်သွားနိုင်တယ်။ ဒါက ကျွန်တော်တို့ သတိကြီးကြီးကို ထားရမယ့် ကိစ္စပေါ့။
မေး - ၂၀၁၂ မှာ NLD ပါတီက လွှတ်တော်ထဲ ရောက်တယ်။ ၂၀၁၅ ကျတော့ NLD က အလုံးအရင်းနဲ့ နိုင်တယ်ပေါ့။ အဲဒီမှာ အဖွဲ့က နှစ်ပိုင်း ကွဲနေတာပေါ့။ တစ်ခုက ဟိုးအရင်ကတည်းက ၁၉၈၈-၉၀ ထဲက တွဲလာတဲ့သူ တွေနဲ့ နောက်ပိုင်းမှာ ပညာတတ်အသိုင်းအ၀ိုင်းတွေ ပိုများလာတယ်။ အဲဒီမှာ နှစ်ပိုင်းကွဲနေတာပေါ့။ အဲဒီလို နှစ်ပိုင်းကွဲ နေတာက NLD အတွက် အားသာချက် ဖြစ်လာနိုင်မလား၊ အားနည်းချက် ဖြစ်လာနိုင်မလား။

ဖြေ - ဒီဟာကတော့ နှစ်မျိုးတော့ ပြောရမှာပေါ့ဗျာ။ အားသာ ချက်လည်း ဖြစ်နိုင်သလို အားနည်းချက်လည်း ဖြစ် နိုင်တယ်။ ဒီမတူညီမှုကို ကျွန်တော်တို့က အမြင်တစ်ထပ်တည်းကျအောင် ပါတီရဲ့ မူဘောင်နဲ့၊ ပါတီရဲ့ စည်းမျဉ်းနဲ့ ကျွန်တော်တို့ က ချုပ်ကိုင်ထားနိုင်မယ်ဆိုရင်တော့ ဒီမတူညီမှုတွေကပဲ ကျွန်တော်တို့က အား ဖြစ်စေတယ်။ ဒါက ကောင်းမွန်စွာ ယှဉ်ပြိုင်ခြင်းကြောင့်၊ အတွေးအခေါ် ယှဉ်ပြိုင်ရတဲ့အတွက် ပါတီက ပိုပြီး ဖွံ့ဖြိုးတိုးတက်လာမယ်။ အဲဒီလို မဟုတ်ဘဲနဲ့ ကျွန်တော်တို့က သူ့ ပါတီမူဝါဒတွေကို သေသေချာချာ မကိုင်တွယ်နိုင်ဘဲနဲ့ ပါတီဗဟိုမှာရော၊ ကျွန်တော်တို့ဆီမှာရော ပုဂ်္ဂိုလ်ရေး အင်အားပြိုင်မှုတွေ ဖြစ်လာရင်တော့ ဒါဟာ ဆုတ်ယုတ်သွားတာပဲ။ အားနည်းသွားနိုင်တယ်ပေါ့နော်။ အခုလောလောဆယ်မှာတော့ အဲဒီအခြေအနေမျိုးတော့ သိပ်မရောက်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဆီမှာ သိပ်အင်အားကောင်းတဲ့ ခေါင်းဆောင်တစ်ယောက် ရှိနေတာကိုး။ သိပ်အင်အားကောင်းတဲ့ ခေါင်းဆောင်တစ်ယောက် မရှိတော့တဲ့အချိန်မှာဆိုရင်၊ ဒီဟာကို ကြပ်ကြပ်မတ်မတ် မလုပ်နိုင်ဘူးဆိုရင် ကျွန်တော်တို့က ဒါ ဆုတ်ယုတ်မှု ဖြစ်သွားနိုင်တယ်။ ဒါက ကျွန်တော်တို့ သတိကြီးကြီးကို ထားရမယ့်ကိစ္စပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က တိုင်းပြည်အတွက်ပဲ ကြည့်ရမှာကိုး။ ကြည့်နိုင်မှ။ အဲဒီလို မဟုတ်ဘူးဆိုရင်တော့ ဖဆပလလို နှစ်ခြမ်းကွဲသွားရင် စစ်တပ်ကို ကျွန်တော်တို့ ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ဘူး။ စစ်တပ်ကလည်း သူက တကယ့်ကို စနစ်တကျ ခြေကုပ်ယူထားတာ။ အခုက ကျွန်တော် တို့ပါတီက ပြည်သူက ပုံအောပြီး မဲပေးလိုက်လို့သာ စစ်တပ်က ဒီလောက်၊ တစ်လျှောက်လုံးဗျာ ကျွန်တော်တို့ တပ်နဲ့ ဆွေးနွေးဖို့ အကြိမ် ကြိမ် ပြောခဲ့တယ်။ အကြိမ်ကြိမ် ငြင်းပယ်ခံခဲ့ရတာ။ အခုတော့ အပြည့်အ၀ အင်ပြည့်အားပြည့် နိုင်လာလို့သာ တပ်က ဒီလောက် ဂရုစိုက်တာ။ တကယ်လို့များသာ ၅၀ ရာခိုင်နှုန်းလောက်နဲ့ဆိုရင် ဘယ် ကျွန်တော်တို့ကို ဂရုစိုက်မလဲ။

မေး - ၂၀၁၅ မှာ NLD အနိုင်ရပြီး အရင်ဆုံး ပါတီတွင်း ပြောင်းလဲ မှုရယ်လို့ မြင်မိတာက Capacity ပိုင်းပေါ့။ နယ်တွေမှာ ရှိတဲ့ ပါတီကေ ဒါတွေကို ခေါ်ပြီးတော့ သင်တန်းပေးတာမျိုးတွေ စလုပ်လာတယ်ပေါ့။ အဲဒီမှာ ဘာမြင်ရသလဲဆို ကိုယ့်ရဲ့ Capacity ဖြည့်နေတဲ့အချိန်မှာ ကိုယ့်ရဲ့ မဲပေးတဲ့ပြည်သူနဲ့ ကင်းကွာနေတာကို မြင်မိတယ်။ အဲဒါကလည်း ကြံ့ခိုင်ရေးအစိုးရ တက်လာတုန်းကလည်း ထို့နည်းလည်းကောင်းပဲ။ ဖွင့်ပွဲတို့၊ နေရာကောင်းရမယ့် ဆိုင်းဘုတ်ဖွင့်ပွဲလိုဟာမျိုးဆို လာတယ်။ မျက်နှာကောင်းရဖို့ အတွက်ပေါ့။ အခု ကျွန်တော်တို့ စိတ်ပူတာကလည်း ကိုယ့် Capacity ဖြည့်နေရတဲ့အချိန်မှာ ပြည်သူနဲ့ ကင်းကွာလာတယ် ဆိုရင် ပြည်သူ့ရဲ့ ငြိုငြင်မှုက ရှိကောင်းရှိလာနိုင်တယ်။ အဲဒီအတွက် Planing ကို ဗဟိုကနေ ချပေးတာမျိုး မဟုတ်ဘဲ ကိုယ့်ဒေသနဲ့ ကိုက်ညီအောင် လုပ်ဖို့ အစီအစဉ်တွေများ ရှိသလား။

ဖြေ - ကျွန်တော်ကတော့ ပြီးခဲ့တဲ့ ဟိုဝှာတုန်းက စာတမ်းတစ်စောင် တင်ထားတယ်ဗျ။ အဲဒါ ဘာလဲဆိုတော့ ပါတီ ဗဟိုက ချမှတ်တဲ့မူတွေနဲ့ ပတ်သက်လို့ပေါ့နော်။ ကျွန်တော့်စိတ်ထဲမှာ အမြင်မရှင်းတာတွေကို စာတင်ထားတာ ရှိတယ်။ ကျွန်တော်တို့ နယ်မှာလည်းပဲ ဒီပါတီဝင်များက မိမိနယ်ကို ကွင်းဆင်းပြီး စည်းရုံးကြဖို့။ နောက် လူထုရဲ့ ဆန္ဒ ဘာတွေ ရှိနေတယ်ဆိုတာ သိအောင် မေးမြန်းစုံစမ်းကြဖို့။ ဒါတော့ အရေးအကြီးဆုံး အချက်ပဲ။ ဒါ ကျွန်တော်ကတော့ ဒီလိုပဲ မြင်တယ်။ ဘာလို့လဲဆိုတော့ လူထုကြားထဲက ရလာတဲ့ သတင်းစကားမှသာလျှင် တကယ့် လူထုကို ကိုယ်စားပြုတဲ့ သတင်းစကားဖြစ်မှာ ပေါ့။ တစ်ခါတစ်ရံ ကျွန်တော်တို့မှာက အကြားနဲ့ပေါ့။ ဘယ်မှာ ဘာဖြစ်နေပါတယ်၊ ဘယ်သူတွေက ဘယ်လောက်ထောက်ခံနေ သလဲ၊ ဘယ်သူတွေက ဘယ်လောက် မထောက်ခံဘူးလဲ။ ဒီဟာမျိုးလောက်နဲ့ သွားလို့ ကျွန်တော်တို့က သွားလို့ အဆင်မပြေ နိုင်ဘူး။ ဒါပေမဲ့ အခု ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီဟာနဲ့ ပတ်သက်လို့ တော်တော် လွှတ်တော်ကိုယ်စားလှယ်တွေကို မောင်းနှင်မယ့် သဘောရှိပါတယ်။ ကျွန်တော် ကြားရသလောက်ပေါ့။ လွှတ်တော်တောင်မှ အချိန်အများကြီး မပေးဘဲနဲ့ ပြည်သူနဲ့ လွှတ်တော်ကိုယ်စား လှယ်များနဲ့ တွေ့တဲ့အပိုင်း တစ်ပိုင်း၊ လွှတ်တော်တတ်တဲ့အပိုင်း တစ်ပိုင်း။ လွှတ်တော်ထဲမှာ အချိန်အများ ကြီးအကုန်မခံဘဲနဲ့ နှစ်လတက် ရင် နှစ်လနားမယ်ဆိုတဲ့ စီမံကိန်းမျိုးတောင်မှ ကြိုတင်ပြီး ပြင်ဆင်နေတယ်လို့ သိရတယ်။ ဒါတော့ တော်တော်ကောင်းတဲ့ လက္ခဏာပေါ့။

မေး - ခုနကတော့ ပါတီရဲ့ လုပ်ဆောင်မှုအပိုင်းပေါ့။ နောက်တစ်ခုက ကလေးမြို့ကို လေ့လာတဲ့အခါ Culture နှစ်ခု သွားတိုက်နေ တယ်ပေါ့။ မြန်မာက တစ်ပိုင်း၊ ချင်းက တစ်ပိုင်း။ Culture က ကွဲထွက်နေတယ်ပေါ့။ ဒီဘက်အပိုင်းမှာတော့ ချင်းအမျိုးသမီး လည်း နိုင်ထားတယ်၊ တစ်ဖက်က ဗမာကလည်း နိုင်ထားတယ်။ ဒီတော့ ခုနက ပြောသလို Culture အရ ကွဲနေတဲ့ ပြည်သူကို တစ်စုတည်းဖြစ်အောင် ပညာပေးဖို့အပိုင်းမှာ အောင်မြင်ဖို့ဆိုရင် ဘယ်လိုမျိုး တွေးထား၊ စဉ်းစားထားတာ ရှိသလဲ။

ဖြေ - အဲဒီဟာ ယဉ်ကျေးမှုနှစ်ခု သိမ်မွေ့စွာ ယှဉ်ပြိုင်နေတယ် ဆိုတာတော့ ကျွန်တော် ယေဘူယျသဘော လက်ခံ တယ်ပေါ့။ ဒါပေမဲ့ ဆိုးတာကတော့ ချင်းအမျိုးသားများမှာကိုက လူမျိုးစု ကွဲတာ။ ကျွန်တော်တို့ထက် ပိုဆိုးတယ် ဒါက။ သူက ခရစ်ယာန်နဲ့ ဗုဒ္ဓဘာသာရယ်လို့ မဟုတ်တော့ဘဲနဲ့ သူတို့ကျတော့ လူမျိုးစုအလိုက် ကွဲနေတာ။ ဥပမာ ဟားခါး၊ ဥပမာ ဖလမ်း၊ တီးတိန် စသဖြင့်ပေါ့။ အဲဒီလို ကွဲတဲ့အတွက် သူတို့အချင်းချင်းမှာကို ညှိနှိုင်းမရဘူးပေါ့ တစ်ခါတစ်ရံမှာ။ ကျွန်တော်တို့ကတော့ Multicultural ကို လက်ခံလာနိုင်အောင်၊ နောက် သူတို့ရဲ့ လူမျိုးနွယ်စုများ အချင်းချင်း ပြေလည်အောင် ဒီဟာကို ကျွန်တော် တို့က အရင်စလုပ်ရမယ်။ ဗုဒ်္ဓဘာသာ၊ ခရစ်ယာန်က ကျွန်တောတို့မှာ ကြီးမားတဲ့ ပြဿနာ ဒီလောက်အထိ မရှိဘူး။ ဘာလို့လဲ ဆိုတော့ ကြာလှပြီ ကျွန်တော်တို့ နေလာခဲ့ကြတာ။ ထိပ်တိုက်တွေ့တာမျိုး မဟုတ်ဘဲနဲ့ တစ်ဖက်နဲ့တစ်ဖက် နားလည်မှုပေးပြီး နေလာတာ ကြာပါပြီ။ ဒါပေမဲ့ သူတို့ ကြားထဲမှာကျတော့ ဖလမ်းအုပ်စု၊ တီးတိန်အုပ်စု၊ နောက် ဟားခါးအုပ်စုဆိုပြီး သူတို့ အုပ်စုချင်း Crisis က ပိုကြီးတယ်။

မေး - ဒေသအနိုင်ရ ကိုယ်စားလှယ်ကလည်း ချင်းအမျိုးသမီးဖြစ် တယ်ဆိုတော့ ကိုယ့်ရဲ့ Capacity ပြည့်အောင်လုပ်ရင်း တစ်ဖက်က အုပ်စုကွဲမှုတွေကို ညီညွတ်အောင်လုပ်ဖို့ အတွက်ကော စတင်ပြင်ဆင်နေ တာမျိုး ရှိလား။ ဥပမာ အချက်အလက် ကောက်ယူတာမျိုး စသဖြင့်ပေါ့။

ဖြေ - အခုအချိန်အထိတော့ ဒီဟာကို ကြိုးစားရန် တာစူဆဲပဲ ရှိနေသေးတယ်။ တချို့ခေါင်းဆောင်တွေကျတော့ လည်း တော်တော်လေး ဒီပေါ်မှာ နားလည်မှုရှိတယ်၊ သဘောပေါက်တယ်။ တချို့ ခေါင်းဆောင်တွေကျတော့လည်း ဘယ်သူ့ လက်ထက်ကတည်းက မညီညွတ်ခဲ့တာ၊ အခု ညီညွတ်အောင် လုပ်လို့မရဘူးဆိုတဲ့ အမြင်မျိုးလေးတွေ သူတို့မှာ ရှိတယ်။ ဒါ ကြောင့်လည်းပဲ ကျွန်တော်တို့က ကိုယ်စားလှယ်တွေ ရွေးတဲ့အခါမှာ ကျွန်တော်တို့က တော်တော်ကို သတိထားပြီး ရွေးရတယ်။ ကျွန်တော်ဆို ကျွန်တော် လုပ်နိုင်ခဲ့ တာလေးကို ပြောပြရမှာပေါ့။ ကျွန်တော်တို့ ပါတီညီလာခံ ကျင်းပတယ်။ ညီလာခံကျင်းပတဲ့ အခါကျတော့ အများစုကြီးက၊ တစ်လျှောက်လုံး ဒီပါတီကို ဖက်တွယ်လာတဲ့သူချည်းက ဗမာ အများစုကြီးပဲ။ ကျွန်တော်တို့ မြို့နယ် စည်းကော်မတီဝင် လှုပ်ရှားနိုင်တဲ့ ၁၄၊ ၁၅ ဦးထဲမှာ ဗမာတွေချည်းပဲ။ ချင်းဆိုလို့ ဦးဒိုထောင်း တစ်ယောက်ပဲပါတယ် အဲဒီအချိန် တုန်းက။ နောက်ထပ် ဒီဘက်ခေတ်အထိပေါ့နော် ပါလာ တာ။ နောက်ကျတော့ ကျွန်တော်တို့က ချင်းပါမှ ဖြစ်မယ်ဆို ပြီး ဦးဒိုထောင်းကို လူရှာခိင်းပြီးတော့ ချင်း ၂၊ ၃ ယောက် ပါအောင် ထည့်ရတယ်။ ထည့်ပြီးတော့မှ ကျွန်တော်တို့က ဆက်ပြီး Run တာ။ အခု ညီလာခံကျတဲ့အခါကျတော့လည်း ကျွန်တော်တို့က မဖြစ်မနေ မဲအရေအတွက်ကို မကြည့်ဘဲနဲ့ လူအရေအ တွက်ကို ကြည့်ပြီးတော့မှ ဗမာ ဥက္ကဋ္ဌဆိုရင် ချင်းက အတွင်းရေးမှူးလုပ်။ သူတို့က ဘယ်နေရာ ဘယ်နေရာတွေ ယူ၊ အဲဒါမျိုး ကို ကျွန်တော်တို့က လုပ်တာ။ ဒါ ကျွန်တော်တို့ လုပ်ပေးနိုင်ခဲ့တာပေါ့နော်။ မဲနဲ့ သွားမယ်ဆိုရင်တော့ တစ်ခါတစ်လေ ဗမာ အုပ်စုက Group က များနေရင် သူတို့က မဲရှုံးသွားမှာပေါ့။ ဆိုတော့ အဲဒီလို မဲသဘောမျိုး မဟုတ်ဘဲနဲ့ ခွဲတမ်းသဘောမျိုး ပါတီကို လုပ်ခဲ့တာ။ ဘာလို့လဲဆိုတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးသွားမယ်ဆိုရင် ဒါက အဓိကကျတဲ့ Point ဖြစ်နေတာ ကိုး။ ဒါတောင်မှ တချို့ နိုင်ငံရေးနုနယ်သေးတဲ့ လူတွေကျတော့ ချင်းမို့လို့ သူတို့ကို နှိမ်တယ်၊ ဒီလို အထင်ခံရတယ်။ အမှန် ကတော့ ဒီလို မဟုတ်ဘူး။ ဒီက သွားနေရတာက နိုင်ငံရေးမူအရ သွားနေတာ။ သူတို့က မူတွေကို သိပ်ပြီး မလိုက်နာနိုင်တဲ့ အခါကျတော့ သူတို့ကို လူမျိုးကွဲမို့လို့ အနှိပ်ခံရတယ်ဆိုပြီး အထင်ခံရတယ်။

(ဆက်လက်ဖော်ပြပါမည်။)
Share To:

Aung Maw

Post A Comment: