ယနေ့ခေတ်တွင် ပြည်သူတို့သည် အသိတရား တိုးတက်လာသည့်နှင့်အလျောက် နိုင်ငံရေးစိတ်ဓာတ် အဆင့်အတန်းလည်း တိုးတက်လာနေပြီ ဖြစ်သည်။

စည်းကမ်း၊ ဥပဒေများကို ကြောက်ရွံ့၍ လိုက်နာခြင်းထက် ဥပဒေအား နားလည်ခြင်းကြောင့် ရိုသေလေးစားခြင်းက ပိုမို ထင်ရှားလာနေပြီ ဖြစ်သည်။ လူတိုင်းပင်လျှင် မိမိတို့၏ အသက်နှင့် ပစ္စည်း လုံခြုံမှု၊ တိုးတက်မှု အလို့ငှာ စည်းကမ်း၊ ဥပဒေများကို လိုက်နာရမည်ဟု ယုံကြည်ကြသည်။

လူတို့တွင် တူညီသော ရည်ရွယ်ချက် များစွာ ရှိသည်။ ထိုရည်ရွယ်ချက်များမှာ အသက်နှင့် ပစ္စည်းလုံခြုံမှု၊ အကျင့်စာရိတ္တ ကောင်းမွန်မှု၊ ဥာဏ်ပညာ တိုးတက်မှု၊ ပေါင်းသင်းဆက်ဆံရေး တိုးတက်မှုနှင့် နိုင်ငံရေး တိုးတက်မှုများ ဖြစ်သည်။

ထိုရည်ရွယ်ချက်များ ပြည့်စုံစွာ ထမြောက်အောင်မြင်စေရန် စည်းကမ်း၊ ဥပဒေများကို တစ်သဝေမတိမ်း လိုက်နာရမည်ဟု ပြည်သူပြည်သားတိုင်းက ခံယူထားသင့်သည်။ ထို့ကြောင့် ပြည်သူပြည်သားတိုင်းသည် ဥပဒေများကို ကြောက်ရွံ့၍ မဟုတ်ဘဲ မိမိအလိုဆန္ဒအတိုင်း လိုက်နာကြရန် လိုအပ်သည်။

မိမိဆန္ဒအတိုင်း လိုက်နာရာတွင် စည်းကမ်း၊ ဥပဒေ၌ ခေတ်နှင့်မညီ ဥပဒေများ ရှိပါက မိမိတို့၏ စိတ်သဘောဖြင့် မဲပေးရွေးချယ်ထားသော သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များမှ တစ်ဆင့် တွန်းအားပေး လုပ်ကိုင်စေခြင်းဖြင့် တရားဝင်မှု ရရှိမည် ဖြစ်သည်။

ကိုးကား - ပြည်သူ့တာဝန် (ဦးကျော်မင်း - ဘီအေ၊ ဘီအီးဒီ)
Share To:

Aung Maw

Post A Comment: