ရန်ကုန်၊ ဇွန် ၆

မလေးရှားနိုင်ငံသို့ မြန်မာနိုင်ငံမှ တင်ပို့နေသော မူးယစ်ဆေးဝါးများကိစ္စနှင့် ပတ်သက်နေသော မောင်မောင် (ခ) Hj Yassin နှင့် ဆက်စပ်တရားခံတို့ ဘဏ်တွင် အပ်နှံထားသော ငွေစာရင်းရှိ ငွေကျပ် သိန်းပေါင်း ၂၈၀၀၀ ကျော်နှင့် ATM ကတ်နှစ်ခုတို့ကို ပိတ်သိမ်းထားရှိပြီဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ထားသည်။

မလေးရှားနိုင်ငံ၊ စီမရမ်မြို့ ကုန်လှောင်ရုံတွင် မေလ ၂၂ ရက်က ဘိန်းဖြူနှင့် မက်အဖက်တမင်း ဆေးဝါးများကို မလေးရှားနိုင်ငံသား သုံးဦး၊ မြန်မာနိုင်ငံသား သုံးဦးတို့ကို ဖမ်းဆီးမိခဲ့ပြီးနောက် ဆက်စပ်တရားခံ တစ်ဦးကို ဖမ်းဆီးမိခဲ့ပြီး ယင်းဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူ မောင်မောင် (ခ) Hj Yassin မှာမူ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်သည်။

မူးယစ်ဆေးဝါးများကို ရန်ကုန်မြို့ရှိ Nice Gyu Clearance Service Agency က စားသောက်ကုန်များအတွင်း ရောနှောထည့်သွင်း ပေးပို့ခဲ့ခြင်းဖြစ်ကာ မလေးရှားသို့ ပို့ဆောင်ပေးရန်အတွက်  မောင်မောင် (ခ) Hj Yassin က လာရောက်ဆက်သွယ်မှုအရ U Kaung Trading Co.,Ltd က တာဝန်ယူ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်နှင့် ပတ်သက်သော ဆက်စပ်တရားခံ တစ်ဦးကို ဇွန်လ ၂ ရက် နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ပြီဖြစ်ကာ အဓိက တရားခံဖြစ်သူ မောင်မောင် (ခ) Hj Yassin မှာမူ ထွက်ပြေး တိမ်းရှောင်လျက် ရှိသည်။

ဖမ်းဆီးရမိထားသူ၏ ဖော်ထုတ်ချက်အရ မောင်မောင် (ခ) Hj Yassin သည် အဆိုပါ မူးယစ်ဆေးဝါးများကို လှည်းကူးမြို့ရှိ Nice Guy ရေသန့်စက်ရုံမှတစ်ဆင့် အောက်ပုဇွန်တောင်လမ်းရှိ ဂိုထောင်သို့ သယ်ဆောင်ကာ ယင်းမှတစ်ဆင့် သင်္ဘောတင်ပေးပို့မှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ဖော်ထုတ်မှုများအရ မောင်မောင် (ခ) Hj Yassin ၏ နေအိမ်အား ၀င်ရောက်စစ်ဆေးခဲ့ရာ ငွေကျပ် သိန်း ၂၅၀ ဖိုးခန့်ရှိ လက်ဝတ်ရတနာများ၊ ကားအရောင်းအ၀ယ်စာချုပ်ကို သိမ်းဆည်းရမိခဲ့သည်။

၎င်းထွက်ပြေး တိမ်းရှောင်စဉ်က အသုံးပြုခဲ့သော မော်တော်ယာဉ်အား ဇွန်လ ၃ ရက် ညပိုင်းက တာမွေ ခုံးကျော်တံတားအောက်တွင် တွေ့ရှိ သိမ်းဆည်းနိုင်ခဲ့သော်လည်း တရားခံမှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သဖြင့် ၎င်းနှင့်အတူ အခြားဆက်စပ်တရားခံများကို ဖမ်းဆီးမိရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနက ဆက်လက်လုပ်ဆောင်လျက် ရှိသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: