နေပြည်တော်၊ ဇွန် ၁၅

NLD အစိုးရလက်ထက် လွှတ်တော်ကော်မရှင်အဖြစ် တာဝန်ယူ လုပ်ဆောင်နေအပေါ် ခြံခုန်ကူးသူ၊ သာရာ ကူးသူ (သာကူး) ဟု ဝေဖန်တိုက်ခိုက်နေခြင်းမှာ မဟုတ်မှန်ကြောင်းနှင့် ယင်းဥက္ကဋ္ဌနေရာအတွက် NLD ဘက်မှ ကမ်းလှမ်းခဲ့ခြင်းသာဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ပြောဆိုလိုက်သည်။

နေပြည်တော်၊ သင်္ဂဟဟိုတယ်တွင် ဇွန်လ ၁၅ ရက်က ပြုလုပ်သည့် “ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်ကာလအတွင်း နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ နုတ်ထွက်ခြင်းဆိုင်ရာ လေ့လာတွေ့ရှိချက်” စာအုပ်မိတ်ဆက်ပွဲ၌ ယခုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော် ဒီကနေ့ ပြည်ခိုင်ဖြိုးပါတီဝင် မဟုတ်သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်လည်း မဟုတ်ပါဘူး။ ဘယ်ပါတီအောက်မှာမှ မဟုတ်ဘူး။ ခုနက ဦးစိုးသိန်း၊ ကျွန်တော့်သူငယ်ချင်းကနေပြီးတော့ ကျွန်တော့်ကို ပြောဆိုစွပ်စွဲနေတယ်ဆိုတာလည်း သူ့ရဲ့ စေတနာနဲ့ သူရဲ့ အားလုံး စဉ်းစားကြည့်ပေါ့ဗျာ။ သူ့ရဲ့ စေတနာ ဘယ်လိုရှိတယ်၊ သူ့ရဲ့ အရည်အချင်းက ဘယ်လိုရှိတယ်။ ကျွန်တော် ရေးထားတဲ့ စာအုပ်ထဲမှာလည်း အမ ဒေါ်အောင်ဆန်းစုကြည်နဲ့ စပြီးတော့ ရင်းနှီးလာတဲ့အချိန်မှာ ကျွန်တော်တို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဟာ အနိုင်ရမယ်၊ ရခဲ့မယ်လို့ ကျွန်တော် ယုံကြည်ထားတာ။ ဒါကြောင့်မို့ သူနဲ့ ပြောတဲ့အခါမှာ ကျွန်တော်တို့များ အနိုင်ရတယ်ဆိုရင် အမက ထိုက်တန်တဲ့နေရာမှာ လာပြီးတော့ ကူပြီးတော့၊ ပြောမယ်ဆိုရင် လာပြီး ကူပြီးတော့ တာဝန်ယူပေးပါ။ ကျွန်တော် ဒီလိုပဲ ပြောခဲ့ပါတယ်။ စာအုပ်ထဲမှာဆိုရင် ဒီလိုပဲ ရေးခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော် နှစ်ယောက်ထဲ ပြောတဲ့စကား။ ဒါပေမဲ့ ကျွန်တော် ရှုံးတဲ့အချိန်မှာ သဘောက ရှုံးမှာကြောက်လို့လည်း သွားခိုတာလည်း မဟုတ်ဘူး၊ သာကူးလည်း မဟုတ်ဘူး။ ပြီးတဲ့အခါ တချို့က အပြင်မှာ ပြောတယ်၊ ခြံခုန်တယ်၊ ခြံခုန်တယ်။ ခြံခုန်တယ်ဆိုတာ မောင်လှရီကို ပြောတာ။ ဘာလဲဆိုတော့ ကျွန်တော်က ကိုယ့်အကြောင်း ကိုယ်သိပါတယ်” ဟု ကော်မရှင်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ပြောသည်။

ဦးသိန်းစိန်အစိုးရလက်ထက် သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိန်း ရေးသားသာ “ဒီမိုကရေစီနိုင်ငံတော်သစ်နှင့် သမ္မတ ဦးသိန်းစိန်” စာအုပ်တွင် ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းဟု အတိအကျ ရည်ညွှန်းမထားသော်လည်း ကြံ့ခိုင်ရေးပါတီ ထိပ်တန်းခေါင်းဆောင်၊ တပ်မတော် ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သူ အချို့ဟုဆိုကာ သာကူးများ၊ မြေခွေးများ၊ ထမင်းကျွေးသော လက်ကို ပြန်ကိုက်သူများဟု ထည့်သွင်းရေးသားထားသည်။


သူရဦးရွှေမန်း လက်ရှိ တာဝန် ထမ်းဆောင်နေသည့် ကော်မရှင်ဥက္ကဋ္ဌ ရာထူးအတွက် NLD ဘက်မှ နှုတ်ဖြင့် စတင်ကမ်းလှမ်းခဲ့ခြင်းဖြစ်ကာ တာဝန်ထမ်းဆောင်မှုအတွက် လစာနှင့် အဆောင်အယောင်များကိုလည်း ရယူထားခြင်း မရှိကြောင်းကိုလည်း သတင်းစာရှင်းလင်းပွဲ၌ ထည့်သွင်း ရှင်းလင်းသွားခဲ့သည်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကျွန်တော့်ကို ကမ်းလှမ်းပါတယ်။ ကော်မရှင်ဥက္ကဋ္ဌ လုပ်ပေးဖို့။ နှုတ်နဲ့ ပြောတယ်။ ကျွန်တော်က နှုတ်နဲ့တော့ မပြောပါနဲ့၊ စာနဲ့ ရေးပါ။ ကျွန်တော်လည်း ဥပဒေပညာနဲ့ ပတ်သက်ပြီး နည်းနည်းပါးပါးတော့ သင်ဖူးပါတယ်” ၊ “အဲဒီ လစာ၊ အဲဒီ အဆောင်အယောင် ယူတယ်ဆိုရင် အဲဒါကို ကျွန်တော်က ငဲ့နေရဦးမယ်။ အားနာနေရဦးမယ်။ ကျွန်တော် ပြောချင်တဲ့စကား လွတ်လွတ်လပ်လပ် ပြောနိုင်မှာ မဟုတ်ဘူး။ ကျွန်တော့် ယုံကြည်ချက်အတိုင်း မပြောနိုင်ဘူး။ ကျွန်တော် ယုံကြည်တာ ပြည်သူ့မျက်နှာ၊ တိုင်းပြည်မျက်နှာ ကြည့်ပြီးတော့ ပြည်သူ့အကျိုးအတွက်၊ တိုင်းပြည်အကျိုးအတွက် ကျွန်တော် ပြောမှာ။ ခြံခုန်တယ်တို့၊ သာကူးတို့၊ ဘာညာ ဘာညာတွေဆိုတာ သူ့တို့ဘာသာ ပြောချင်သလို ပြော၊ ကြိုက်တဲ့သူ ပြော၊ အဲဒီတော့ ကိုယ်က မခံယူဘူးဆိုရင် အဲဒီဟာတွေ သူ့ဆီ ပြန်ရောက်သွားမှာပဲ” ဟု သူရဦးရွှေမန်းက သတင်းထောက်များ၏ မေးမြန်းမှုနှင့် ဆက်စပ်ကာ ရှင်းလင်းပြောဆိုခဲ့သည်။

ထို့ပြင် ယခုအချိန်အထိ လိုင်စင်ဖြင့် သေနတ်ကိုင်ဆောင်နေရခြင်းနှင့် ပတ်သက်၍လည်း ခြိမ်းခြောက်မှုများကြောင့် မဟုတ်ဘဲ မိမိကိုယ်ကို ခုခံကာကွယ်ရန်အတွက် သွားလေရာ ယူဆောင်နေရခြင်းဖြစ်ပြီး ယခုအချိန်အထိ ရှင်သန်နေခြင်းမှာ လုံခြုံရေးအတွက် လိုအပသ့် သတိဖြင့် နေထိုင်ခဲ့သည့်အတွက်ဖြစ်ကြောင်းလည်း သတင်းထောက်တစ်ဦး၏ မေးမြန်းမှုနှင့် ဆက်စပ်ကာ သူရဦးရွှေမန်းက ထည့်သွင်း ပြောဆိုသွားသေးသည်။

သတင်း/ဓာတ်ပုံ - ပြည့်အောင်
Share To:

Aung Maw

Post A Comment: