ရန်ကုန်၊ ဇွန် ၁၁

HIV ကူးစက်ခံ မိဘမဲ့ ကလေးငယ်များအား ကူညီစောင့်ရှောက်ပေးနေသော သုခရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ အမည်ကို အလွဲသုံးစားပြုလုပ်၍ ပြင်ပတွင် ငွေကြေးကောက်ခံမှုများ ရှိနေကြောင်းနှင့် ယင်းသို့ လုပ်ဆောင်မှုများကို တရားစွဲဆို အရေးယူသွားမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် ကြေညာထားသည်။

၂၀၀၅ ခုနှစ်ကတည်းက စတင်တည်ထောင်လုပ်ကိုင်နေသည့် သုခရိပ်မြုံနှင့် ပတ်သက်၍ “ယခုအခါ သုခရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ၏ အမည်နှင့် နေရပ်လိပ်စာကို အသုံးပြု၍ အလှူခံဖြတ်ပိုင်းအတုများဖြင့် လိုက်လံအလှူခံနေကြောင်း သိရှိရပါသည်” ဟု ဇွန်လ ၁၁ ရက် နိုင်ငံပိုင်သတင်းစာတစ်ခုဖြစ်သည့် ကြေးမုံသတင်းစာ၌ ဖော်ပြထားသည်။

သုခရိပ်မြုံဂေဟာအနေဖြင့် စတင် တည်ထောင်စဉ်ကတည်းက ဂေဟာသို့ လာရောက်လှူဒါန်းမှုများကိုသာ လက်ခံခဲ့ခြင်းဖြစ်ပြီး ပြင်ပသို့ သွားရောက် အလှူခံခြင်းမျိုး မလုပ်ခဲ့ကြောင်း၊ ယခုအခါ ဂေဟာကို အကြောင်းပြု၍ မမှန်မကန် အလွဲသုံးစားလုပ်နေသော လူပုဂ္ဂိုလ်၊ အသင်းအဖွဲ့များအနေဖြင့် ဆက်လက် မလုပ်ဆောင်ကြပါရန်အတွက် ပြင်းထန်စွာ သတင်းပေး တားမြစ်လိုက်ကြောင်း၊ လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေများနှင့်အညီ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ဂေဟာ တည်ထောင်သူတစ်ဦးဖြစ်သလို ဂေဟာ၏ အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာထားထားက ကြေညာထားသည်။

သုခရိပ်မြုံဂေဟာရှိ ကလေးငယ်များမှာ မိဘနှစ်ဦးစလုံး AIDS ရောဂါဖြင့် သေဆုံးသွားခဲ့ပြီး မိဘမှတစ်ဆင့် HIV ပိုး ကူးစက်ခံခဲ့ရကာ မိဘမဲ့ဖြစ်နေသော ကလေးငယ်များဖြစ်ပြီး အစိုးရအပါအ၀င် အခြားသော အရပ်ဘက်အဖွဲ့အစည်းများက ဖွင့်လှစ်ထားသော ဂေဟာများတွင် သတ်မှတ်ချက်နှင့် မကိုက်ညီ၍ ငြင်းပယ်ခံထားရသော ကလေးများလည်း ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: