ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန်
ရန်ကုန်၊ ဇွန် ၁

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ARSA အာဆာ အကြမ်းဖက်အဖွဲ့၏ တိုက်ခိုက်မှုများပြီးနောက် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ၎င်းနှင့် ဆက်စပ်သော ကိစ္စများကို စုံစမ်းစစ်ဆေးရန်အတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်းရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း အစိုးရက ထုတ်ပြန်လိုက်သည်။

မေလ ၃၁ ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်သော ယင်းကြေညာချက်တွင် ယင်းကော်မရှင်ဖွဲ့စည်းမှုကို အမျိုးသားအစီအစဉ် တစ်ရပ်အနေဖြင့် ရခိုင်ပြည်နယ်အတွင်း ပြန်လည်သင့်မြတ်ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ ဆောင်ရွက်ရန်အတွက် ဖြစ်ကြောင်းနှင့် ကော်မရှင်တွင် နိုင်ငံတကာမှ ပုဂ္ဂိုလ်တစ်ဦးအပါအ၀င် သုံးဦးဖြင့် ဖွဲ့စည်းမည် ဖြစ်သည်။

ယင်းသို့ ဖွဲ့စည်းရန် ဆုံးဖြတ်ရခြင်းမှာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော်ရေး ကော်မတီ အကြံပေးအဖွဲ့၏ ကြားဖြတ်အကြံပြုချက်များအပေါ် အခြေခံ၍ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကာ ကော်မရှင်ကို ပြည်တွင်းနှင့် နိုင်ငံတကာမှ ဥပဒေနှင့် နည်းပညာကျွမ်းကျင်သူများက ပံ့ပိုးပေးမည် ဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့သည့် နှစ်အတွင်းက ဖြစ်ပွားခဲ့သော ပဋိပက္ခများတွင် ARSA အဖွဲ့က လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိခဲ့ကြောင်းကို နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့တစ်ခုဖြစ်သည့် Amnesty International - AI က ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ထုတ်ဝေသော အစီရင်ခံစာ၌ ထည့်သွင်းဖော်ပြထားသည်။

ပြီးခဲ့သည့်နှစ်အတွင်း ဖြစ်ပွားခဲ့သည့် ရခိုင်ပဋိပက္ခတွင် ARSA အကြမ်းဖက်အဖွဲ့သည် လုံခြုံရေးစခန်းပေါင်း ၃၀ ကျော်ကို စီးနင်းဝင်ရောက် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ မြန်မာအစိုးရတပ်များဘက်မှ လိုက်လံရှင်းလင်းမှုများ ပြုလုပ်ခဲ့ရာတွင်လည်း လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိခဲ့ကြေင်းလည်း AI ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားနေသည့် မငြိမ်းချမ်းမှုများနှင့် ပတ်သက်၍ မြန်မာအစိုးရအပေါ် နိုင်ငံတကာက ဖိအားပေးမှုများ ရှိနေပြီး ယင်းကိစ္စများကို ဖြေရှင်းနိုင်ရန်အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်းနှင့် နိုဗယ်လ်ဆုရှင် ကိုဖီအာနန် ခေါင်းဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းခဲ့ပြီး ကွင်းဆင်းလေ့လာမှုများ ပြုလုပ်စေခဲ့ပြီးလည်း ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: