Photo : Wanna Khwar Nee's Facebook
ရန်ကုန်၊ ဇန်န၀ါရီ ၁၃

ရက္ခိုင့်တပ်မတော် AA အဖွဲ့၏ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် ရဲတပ်ဖွဲ့ဝင်များအား လှူဒါန်းရန်အတွက် နာမည်ကျော် Iron Cross (IC) ဂီတအဖွဲ့ အဖွဲ့ဝင်များ လက်မှတ်ထိုးထားသည့် ဂစ်တာအား လေလံတင်ခဲ့ရာ ကျပ် ၂၁ သိန်းဖြင့် ရောင်းချနိုင်ခဲ့ကြောင်း ဓာတ်ပုံဝဏ္ဏခွာနီးက ကြေညာထားသည်။

အဆိုပါ ဂစ်တာကို ကျပ် ၁၅ သိန်းဖြင့် ၀ဏ္ဏခွာနီးက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ဇန်န၀ါရီလ ၁၁ ရက်က စတင်လေလံခေါ်ခဲ့ခြင်း ဖြစ်ကာ လုပ်ငန်းရှင်တစ်ဦးက ကျပ် ၂၁ သိန်းဖြင့် ၀ယ်ယူလိုက်ခြင်း ဖြစ်သည်။

“ရခိုင်ဒေသတွင် ကျဆုံးသွားတဲ့ ရဲဘော်များရဲ့ကျန်ရစ်သူမိသားစုအား လှူဒါန်းရန် အလွန်တရာ ချစ်မြတ်နိုးတဲ့ ဂစ်တာလေးအား လေလံတင်ရောင်းချရာ အကိုတယောက်က ကျပ်ငွေ (၂၁) သိန်းဖြင့် ဝယ်ယူသွားပါသည်။ ကျေးဇူးပါ အကို။ မကြာခင်ရက်ပိုင်းအတွင်း သက်ဆိုင်ရာ ဌာနဆိုင်ရာသို့ သွားရောက်လှူဒါန်းမှာ ဖြစ်ပါသည်။ လှူဒါန်းရမည့်နေရာလေးသိရင် အလင်းပြကြပါဗျ” ဟု ၀ဏ္ဏခွာနီးက လူမှုကွန်ရက်ပေါ်တွင် ရေးသားထားသည်။

IC တစ်ဖွဲ့လုံး လက်မှတ်ရေးထိုးထားသည့် ဂစ်တာမှာ ၉၅ ရာခိုင်နှုန်း အသစ်ဖြစ်ကာ ၎င်း၏ အကိုတစ်ဦးမှ ထိုင်းနိုင်ငံမှ ပေးပို့ထားခြင်းဖြစ်ကာ ၀ဏ္ဏခွာနီးမှာမူ ဂစ်တာ တီးတတ်သူတစ်ဦး မဟုတ်ပေ။

ရောင်းချလိုက်သည့် ဂစ်တာနှင့်အတူ ဂစ်တာအိတ်နှင့် ဂစ်တာလွယ်ကြိုးများလည်း ပါဝင်သည်။
Photo : Wanna Khwar Nee's Facebook

ပြီးခဲ့သည့် ဇန်ဝါရီလ ၄ ရက် (လွတ်လပ်ရေးနေ့) က ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ ရဲစခန်းလေးခုအား AA တပ်ဖွဲ့က ၀င်ရောက်တိုက်ခိုက်ရာ ရဲတပ်ဖွဲ့ ၁၃ ဦး သေဆုံးကာ ၉ ဦး ဒဏ်ရာရရှိခဲ့သည်။

ယင်းသို့ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ AA တပ်ဖွဲ့အား နှိမ်နင်းမည်ဖြစ်ကြောင်း သမ္မတရုံးက သတင်းစာရှင်းလင်းပွဲ ပြုလုပ် ထုတ်ပြန်ထားပြီး မြန်မာအစိုးရက အကြမ်းဖက်အဖွဲ့ဟု ကြေညာထားသည့် ARSA အဖွဲ့နှင့်လည်း ပတ်သက်နေသည်ဟု သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဋ္ဌေးက ဇန်န၀ါရီလ ၇ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

AA တပ်ဖွဲ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်တွင် စခန်းနှစ်ခု တည်ဆောက်ထားသည်ဟု သမ္မတရုံးက ထုတ်ဖော်ပြောဆိုထားပြီး ယင်းပြောဆိုချက်များမှာ မဟုတ်မှန်ကြောင်း AA ဘက်မှ တုံ့ပြန်ထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: