ရန်ကုန်၊ ဇန်န၀ါရီ ၁၃

ရပ်ဆိုင်းခံထားရသည့် မြစ်ဆုံရေကာတာ စီမံကိန်းမှာ တရုတ် - မြန်မာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများအတွက် အခက်အခဲတစ်ခုဖြစ်ကြောင်း တရုတ်ဘက်က ထုတ်ဖော်လိုက်သည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၈ နှင့် ၂၉ ရက်တို့အတွင်း ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ လာရောက်လည်ပတ်ခဲ့သည့် တရုတ်သံအမတ် Mr. Hong Liang ၏ ခရီးစဉ်နှင့် ပတ်သက်၍ မြန်မာပြည်အခြေစိုက် တရုတ်သံရုံး၏ ဇန်န၀ါရီလ ၁၃ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်း ဖြစ်သည်။

မြန်မာဘာသာဖြင့် ထုတ်ပြန်သည့် ယင်းထုတ်ပြန်ချက်တွင် “လက်ရှိအချိန်တွင် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု၌ ရင်ဆိုင်နေရသည့် အခက်အခဲတစ်ခုမှာ (၇) နှစ်ကြာ ရပ်ဆိုင်းခဲ့သည့် မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း ဖြစ်ပါကြောင်း” ထည့်သွင်း ဖော်ပြထားသည်။

အဆိုပါ မြစ်ဆုံစီမံကိန်းကို ဦးသိန်းစိန်အစိုးရလက်ထက်တွင် ရပ်ဆိုင်းခဲ့ခြင်းဖြစ်ကာ “မြစ်ဆုံစီမံကိန်းပြဿနာ မဖြေရှင်းဘဲ အကြာကြီး အချိန်ဆွဲမည်ဆိုပါက တရုတ်ကုမ္ပဏီများက မြန်မာနိုင်ငံသို့ လာရောက် ရင်းနှီးမြှုပ်နှံရန် ယုံကြည်စိတ်ကို ဆိုးရွားစွာ ထိခိုက်နိုင်ပါကြောင်း” လည်း တရုတ်သံရုံး ထုတ်ပြန်ချက်တွင် သတိပေးထားသည်။

စီမံကိန်းအား ကချင်ပြည်နယ် ဒေသခံတိုင်းရင်းသားပြည်သူများက ဆန့်ကျင်ကန့်ကွက်မှု မရှိကြောင်းနှင့် ဆန့်ကျင် ကန့်ကွက်သူများမှာ ပြင်ပမှ လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများဖြစ်ကြောင်းလည်း ယင်းထုတ်ပြန်ကြေညာချက်တွင် ပါရှိသည်။

သို့သော် ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၁ ရက်က “အချိန်တန်ပြီ” မည်ဖြင့် မြစ်ဆုံအပန်းဖြေစခန်း၊ တန်ဖဲရွာဟောင်းရှိ ကချင်ရိုးရာ ယဉ်ကျေးမှုရုံးဝင်းအတွင်း ပြုလုပ်သည့် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းမှု (၇) နှစ်ပြည့် အခမ်းအနားတွင် လက်ရှိအစိုးရအား စီမံကိန်းအား လုံးဝရပ်ဆိုင်းရန် ဆုံးဖြတ်သင့်ပြီဖြစ်ကြောင်း တိုက်တွန်းထားသည်။

အဆိုပါ အခမ်းအနားကို နိုင်ငံရေးခေါင်းဆောင်များ၊ စာရေးဆရာများ၊ ပညာရှင်များနှင့် ဒေသခံပြည်သူ ၂၀၀၀ ၀န်းကျင်ခန့် တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

မြစ်ဆုံစီမံကိန်း အကောင်အထည် ဖော်မည်ဆိုပါက ပြောင်းရွှေ့ပေးရမည့် ဒေသခံရွာပေါင်း ၄၇ ရွာရှိကာ လူဦးရေ ၁၀၅၀၅ ဦး နေအိမ်စွန့်ခွာကြရမည် ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဇွန်လကလည်း စီမံကိန်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် He Hong Liang နှင့် ကောင်စစ်ဝန်ချုပ် Mr Wang Yu တို့ ဦးဆောင်သည့်အဖွဲ့က ကချင်ပြည်နယ် ခရီးစဉ်တစ်ခုအတွင်း မြန်မာအစိုးရအနေဖြင့် လူထု၏ ဖြေရှင်းချက်ကို အကြံဉာဏ်ရယူကာ ညှိနှိုင်းတိုင်ပင်စေလိုကြောင်း ထုတ်ဖော် ပြောဆိုဖူးသည်။

ယင်းခရီးစဉ်အတွင်း တရုတ်နိုင်ငံ နိုင်ငံတကာ စီးပွားရေးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Lieu Zan က ကချင်ပြည်နယ်အစိုးရအဖွဲ့ထံ အချက် (၃) ချက် တင်ပြခဲ့ရာ စီမံကိန်းဖျက်သိမ်းပါက အမေရိကန်ဒေါ်လာ သန်း ၈၀၀ လျော်ကြေးပေးရမည်၊ စီမံကိန်းပြီးစီးသည်အထိ ဆောင်ရွက်ခွင့်ပြုပါက စီမံကိန်းမှ ဒေါ်လာ သန်း ၅၀၀ နှစ်စဉ် အခွန်ရမည်နှင့် ယင်းအချက် (၂) ချက်အား မရွေးချယ်ဘဲ စီမံကိန်းအား ရပ်ဆိုင်းထားမည်ဆိုပါက တရုတ်ကုမ္ပဏီများ တင်ရှိနေသည့် ချေးငွေအတိုး ဒေါ်လာ သန်း ၅၀ ကို ယင်းကုမ္ပဏီများကိုယ်စား မြန်မာနိုင်ငံဘက်မှ နှစ်စဉ် ပေးဆပ်ရန်တို့ ဖြစ်သည်။

မြစ်ဆုံ ရေကာတာ စီမံကိန်းနှင့် ပတ်သက်၍ လက်ရှိအစိုးရလက်ထက်တွင် စုံစမ်းစစ်ဆေးရေး ကော်မတီများ ဖွဲ့ကာ ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်သော်လည်း စီမံကိန်းနှင့် ပတ်သက်သည့် စာချုပ်ပါ အချက်အလက်များကို လူထုထံ ချပြနိုင်သေးခြင်း မရှိသေးပေ။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: