Photo : http://www.statecounsellor.gov.mm
မြစ်ကြီးနား၊ ဇန်န၀ါရီလ ၁၁

ဒီမိုကရေစီစနစ်မှာ လူထုကို အခြေခံသည့် စနစ်ဖြစ်၍ အစိုးရတစ်ခုတည်းအား အားကိုးနေခြင်းမှာ မမှန်ကန်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော်ပြောဆိုလိုက်သည်။

အစိုးရအဖွဲ့ အကြီးအကဲခေါင်းဆောင်ဖြစ်သူက ကချင်ပြည်နယ်၊ မြစ်ကြီးနားတွင် ပြုလုပ်သည့် ၇၁ ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားတွင် ပြောဆိုလိုက်ခြင်းဖြစ်ပြီး ယင်းအခမ်းအနားကို မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ မနောဝင်းအတွင်း ပြုလုပ်ခြင်း ဖြစ်သည်။

“ဒီ ပြည်ထောင်စုဟာ ကျွန်မတို့လိုလားတဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု အစစ်အမှန် မဖြစ်သေးဘူး။ ဒါကို ဖြစ်အောင်လို့ ကျွန်မတို့ နိုင်ငံတော် အစိုးရသာမက ပြည်သူလူထုတွေအားလုံး ဝိုင်းဝန်းပြီးတော့ ကြိုးစားဖို့ လိုတယ်။ အစိုးရတစ်ခုတည်းကိုပဲ အားကိုးတယ်ဆိုတာ ဒီမိုကရေစီမဆန်ပါဘူး။ တကယ်တော့ ဒီမိုကရေစီဆိုတာ ပြည်သူလူထုပေါ်မှာ အခြေခံတဲ့စနစ်မို့ ပြည်သူလူထုရဲ့ အားကို အစိုးရတွေက ပြန်ပြီး အားကိုးရပါတယ်” ဟု အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြော

သည်။ အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုအဆင့် ၀န်ကြီးများအပြင် ကချင်ပြည်နယ် ၀န်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ပြည်နယ်ဝန်ကြီးများ၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်တေဇာကျော်၊ ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ မနောပွဲဖြစ်မြောက်ရေး ကော်မတီနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ကချင်ပြည်နယ်နေ့အဖြစ် မြန်မာပြည် လွတ်လပ်ရေးရသည့် ဇန်န၀ါရီလ ၄ ရက်အပြီး ခြောက်ရက်အကြာ ဇန်န၀ါရီလ ၁၀ ရက်နေ့ကိ သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ပထမဆုံး ပြုလုပ်သည့် ပြည်နယ်နေ့အခမ်းအနားကို မြန်မာနိုင်ငံ၏ ပထမဆုံးသော သမ္မတ စ၀်ရွှေသိုက်ကိုယ်တိုင် တက်ရောက်ခဲ့ဖူးသည်။

ယင်းနေ့ အခမ်းအနားတွင်ပင် ကချင်ပြည်နယ် ပြည်နယ်ကောင်စီကို စတင်ဖွဲ့စည်းကာ ဥက္ကဋ္ဌအဖြစ် ဆမားဒူးဝါး ဆင်ဝါးနောင်ကို ရွေးချယ်တင်မြှောက်ခဲ့သည်။

ကချင်ပြည်နယ်နေ့ ကျင်းပမှုကို တော်လှန်ရေးအစိုးရ တက်လာသည့် ၁၉၆၂ ခုနှစ်မှစကာ အထူးတလည် ကျင်းပခွင့်မရတော့ဘဲ ၁၉၉၃ ခုနှစ်ကျမှသာ ပြည်နယ်နေ့ မနောပွဲကို ပြန်လည် ကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က “ဒီမနောကွင်းကြီးထဲ စုဝေးတဲ့အခါ မနောပွဲတွေရဲ့ ဇာစ်မြစ်ကို ပြန်ပြီး စဉ်းစားစေချင်ပါတယ်။ မနောပွဲတွေရဲ့ ဇာစ်မြစ်ဟာ နတ်ကိုးကွယ်မှုနဲ့ ပတ်သက်နေပါတယ်။ ကိုးကွယ်တယ် ဆိုတာ ဘာကြောင့်ကိုးကွယ်တာလဲ။ နတ်တွေကို ကိုးကွယ်ကြတယ်၊ ကိုယ်ယုံကြည်တဲ့ ဘုရားတွေ၊ ဘာသာတွေကို ကိုးကွယ်ကြတယ်။ ကိုးကွယ်ခြင်းဆိုတာ အားကိုးခြင်းပါပဲ။ နတ်တွေ ကိုးကွယ်တယ်၊ နတ်တွေကို အားကိုးတယ်။ ဘုရားသခင်ကို အားကိုးတယ်၊ ဘုရားသခင်၊ နတ်၊ သိကြားတွေကတော့ ကျွန်မတို့ လူသားတွေကို မိမိကိုယ် မိမိ အားကိုးစေချင်ကြပါတယ်။ မိမိကိုယ်မိမိ အားကိုးစေနိုင်တဲ့ အစွမ်းသတ္တိတွေ မွေးမြူဖို့ဆိုတာ ပြည်ထောင်စု တိုင်းရင်းသားအားလုံးရဲ့ တာဝန်ဖြစ်ပါတယ်။ ဒီလို အစွမ်းသတ္တိတွေရှိမှ ကျွန်မတို့ နိုင်ငံကို ကျွန်မတို့ လိုချင်တဲ့ တိုင်းပြည်ကြီးတစ်ခုဖြစ်အောင် တည်ထောင်နိုင်မှာပါ” ဟုလည်း ဆိုသည်။

ဒေသတွင်း ငြိမ်းချမ်းရေး အခြေအနေနှင့် ပတ်သက်၍လည်း ၎င်းက “ကျွန်မတို့နိုင်ငံသာ အေးချမ်းသွားမယ်ဆိုရင်၊ နိုင်ငံအတွင်းမှာ ငြိမ်းချမ်းရေး ရမယ်ဆိုရင် သမ္မတကြီးမိန့်ဆိုခဲ့တဲ့အတိုင်း ဆယ်နှစ်အတွင်းတောင် မဟုတ်ဘူး၊ တစ်နှစ်အတွင်းတောင် သိသိသာသာ အပြောင်းအလဲတွေ မြင်ရမယ်လို့ ယုံကြည်တယ်။ ပြည်တွင်းစစ်မီးတွေ အားလုံးငြိမ်းသွားပြီးတာနဲ့ တစ်နှစ်အတွင်းမှာ အပြောင်းအလဲတွေကို သိသိသာသာ မြင်ရလိမ့်မယ်” ဟု ထည့်သွင်းပြောဆိုထားသည်။

လက်ရှိတွင် တပ်မတော်ဘက်မှ စစ်တိုင်းငါးတိုင်းမှလွဲ၍ ကျန်သည့် စစ်တိုင်းဌာနများတွင် စစ်ရေးလှုပ်ရှားမှုများကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ထားပြီး ပြည်နယ်အခြေစိုက် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) လှုပ်ရှားရာ ဒေသများမှာလည်း စစ်ရေးရပ်ဆိုင်းမည့် ဒေသများတွင် ပါဝင်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: