ရန်ကုန်၊ မတ် ၁၇

လာမည့် အစိုးရသစ်လက်ထက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ကို ၀န်ကြီးဌာန ၂၁ ခုနှင့် ၀န်ကြီး ၁၈ ဦးဖြင့် ဖွဲ့စည်းလိုကြောင်း သမ္မတအဖြစ် တင်မြှောက်ခံထားရသူ ဦးထင်ကျော်က အဆိုတင်သွင်းထားကြောင်း မတ်လ ၁၇ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် နာယက မန်းဝင်းခိုင်သန်းက ကြေညာလိုက်သည်။

အဆိုပါ အဆိုပြုလွှာကို မတ်လ ၁၆ ရက် နေ့စွဲဖြင့် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းထားခြင်းဖြစ်ပြီး ယခင် ဦးသိန်းစိန် အစိုးရလက်ထက်တွင်မူ ၀န်ကြီးဌာနပေါင်း ၃၆ ခုအထိ ရှိခဲ့သည်။ ဦးသိန်းစိန် အစိုးရလက်ထက်တွင် သမ္မတရုံးဝန်ကြီးဌာန ခြောက်ခုအထိ ရှိခဲ့ရာ ယခုအဆိုတင်သွင်းမှုတွင် သမ္မတရုံးဝန်ကြီးဌာန တစ်ခုသာ ပါရှိသည်။

NLD အစိုးရ သမ္မတ ဦးထင်ကျော် အဆိုပြုထားသော ၀န်ကြီးဌာနများတွင် ယခင်က သီးခြားစီရှိနေသော ၀န်ကြီးဌာနအချို့အား စုပေါင်းထားပြီး သိပ္ပံနှင့် နည်းပညာ၊ အားကစား၊ သမ၀ါယမနှင့် ရထားပို့ဆောင်ရေး ၀န်ကြီးဌာနများကိုမူ ပယ်ဖျက်ထားသည်။

သမ္မတ ဦးထင်ကျော် အဆိုပြုထားသည့် ၀န်ကြီးဌာန အမည်စာရင်းများမှာ -
- နိုင်ငံခြားရေးဝန်ကြီးဌာန

- စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

- ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန

- ယဉ်ကျေးမှုနှင့် သာသနာရေးဝန်ကြီးဌာန

- သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန

- လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန

- အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန

- စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန

- စက်မှုဝန်ကြီးဌာန

- ကျန်းမာရေးဝန်ကြီးဌာန

- ပညာရေးဝန်ကြီးဌာန

- ဆောက်လုပ်ရေးဝန်ကြီးဌာန

- လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန

- ဟိုတယ်နှင့် ခရီးသွားလားရေးဝန်ကြီးဌာန

- စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး

- ပြန်ကြားရေးဝန်ကြီးဌာန

- တိုင်းရင်းသားရေးရာဝန်ကြီးဌာန

- သမ္မတရုံးဝန်ကြီးဌာန

- ကာကွယ်ရေး ၀န်ကြီးဌာန

- ပြည်ထဲရေးဝန်ကြီးဌာန

- နယ်စပ်ရေးရာဝန်ကြီးဌာန တို့ ဖြစ်သည်။

အမည်စာရင်းတင်သွင်းထားသည့် ၀န်ကြီးဌာန ၂၁ ခုတွင် ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာနတို့အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကျန် ၀န်ကြီးဌာန ၁၈ ခုအတွက် လွှတ်တော်ကိုယ်စားလှယ် ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူထဲမှ ဖြစ်စေ သတ်မှတ်အရည်အချင်း ပြည့်စုံသူကို နိုင်ငံတော် သမ္မတက ရွေးချယ်ရမည် ဖြစ်သည်။

ထို့ပြင် ကျန်ဝန်ကြီးဌာန ၁၈ ခုအတွက် တပ်မတော်သားထဲမှ ခန့်အပ်လိုပါကလည်း ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်းဆောင်ရွက်နိုင်ကြောင်း အခြေခံဥပဒေပုဒ်မ ၂၃၂ (ခ) (၃) တွင် ပြဋ္ဌာန်းထားသည်။

သမ္မတဦးထင်ကျော် အဆိုပြုထားသည့် ၀န်ကြီးဌာနနှင့် ၀န်ကြီးအရေအတွက်နှင့် ပတ်သက်၍ ဆွေးနွေးလိုသူများအနေဖြင့် မတ်လ ၁၇ ရက် ညနေ လေးနာရီ နောက်ဆုံးထား အမည်စာရင်း တင်သွင်းရမည်ဖြစ်ကာ မတ်လ ၁၈ ရက်တွင် ဆွေးနွေးမည် ဖြစ်သည်။

ဦးသိန်းစိန် အစိုးရလက်ထက် သမ္မတရုံးဝန်ကြီး (၆) ခု ထားခြင်းနှင့် အချို့သော ၀န်ကြီးဌာနများအား စုပေါင်းထားနိုင်သော်လည်း ခွဲခြားထားခြင်းများကြောင့် ပြည်သူ့ဘဏ္ဍာ ဆုံးရှုံးရကြောင်း ဝေဖန်မှုများလည်း ထွက်ပေါ်ခဲ့သည်။
ဦးသိန်းစိန် အစိုးရလက်ထက် ၀န်ကြီးဌာနများ စာရင်း
အောက်ချင်း သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: