ရန်ကုန်၊ မတ် ၃

မဖွင့်လှစ်မီကပင် လူမှုကွန်ရက် Facebook တွင် လူသိများနေသည့် ရန်ကုန် ရေပန်းဥယျာဉ်ကို အများပြည်သူ အပန်းဖြေအနားယူနိုင်ရန်အတွက် မတ်လ ၂ ရက်က ဖွင့်လှစ်ခဲ့သော်လည်း Water Treatment System အား အကောင်းဆုံး ပြုလုပ်ပေးနိုင်သည့် နည်းပညာပိုင်းနှင့် Operation ပိုင်းဆိုင်ရာ ချို့ယွင်းမှုများကြောင့် ရေပန်းဥယျာဉ်အား မတ်လ ၃ ရက်တွင် ပြန်လည် ပိတ်ထားလိုက်ပြီ ဖြစ်ကြောင်း Yangon Waterboom လူမှုကွန်ရက်စာမျက်နှာတွင် အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် မတ်လ ၃ ရက်က ကြေညာထားသည်။

သို့သော် စတင်ဖွင့်လှစ်သည့်နေ့တွင်ပင် Water Treatment System ချို့ယွင်းမှုကြောင့် အပန်းဖြေလာသူ ပြည်သူများ စိတ်အနှောင့်အယှက်ဖြစ်ရ ကာ ယင်းနှင့်ပတ်သက်၍လည်း လူမှုကွန်ရက် Facebook ပေါ် တွင် ဝေဖန်မှုများ ပြင်းထန်ခဲ့ပြီးနောက် ယခုကဲ့သို့ ခေတ္တပိတ်လိုက်ခြင်း လည်း ဖြစ်သည်။

ရေပန်းဥယျာဉ်အတွင်း နည်းပညာပိုင်း ချွတ်ယွင်း၏ နောက်ဆက်တွဲ အကျိုးဆက်အား မတ်လ ၂ ရက်က လာရောက် အပန်းဖြေသူများ ခံစားခဲ့ရသည့်အတွက် စိတ်မကောင်း ဖြစ်မိရပါကြောင်းနှင့် Yangon Waterboom စီမံခန့်ခွဲမှုအဖွဲ့က ဘက်ပေါင်းစုံ တွေးဆချင့်ချိန်ပြီးနောက် တစုံတရာ ပြန်လည်ကြေငြာခြင်း မရှိမီအချိန်အထိ ခေတ္တပိတ် ထားမည်ဖြစ်ကြောင်း စီမံခန့်ခွဲမှုအဖွဲ့၏ ကြေညာချက်တွင် ပါရှိသည်။

အဆိုပါ ရေပန်းဥယျာဉ်ကို ဖေဖော်ဝါရီ ၂၈ ရက်က Grand Opening အခမ်းအနားဖြင့် စတင်ဖွင့်လှစ်၍ အများပြည်သူအား စတင် အပန်းဖြေ အနားယူနိုင်ရန် မတ်လ ၂ ရက်က ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

အောက်ချင်း သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: