Articles by "ဓာတ်ပုံသတင်း"
Showing posts with label ဓာတ်ပုံသတင်း. Show all posts
Photo : Wanna Khwar Nee's Facebook
ရန်ကုန်၊ ဇန်န၀ါရီ ၁၃

ရက္ခိုင့်တပ်မတော် AA အဖွဲ့၏ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် ရဲတပ်ဖွဲ့ဝင်များအား လှူဒါန်းရန်အတွက် နာမည်ကျော် Iron Cross (IC) ဂီတအဖွဲ့ အဖွဲ့ဝင်များ လက်မှတ်ထိုးထားသည့် ဂစ်တာအား လေလံတင်ခဲ့ရာ ကျပ် ၂၁ သိန်းဖြင့် ရောင်းချနိုင်ခဲ့ကြောင်း ဓာတ်ပုံဝဏ္ဏခွာနီးက ကြေညာထားသည်။

အဆိုပါ ဂစ်တာကို ကျပ် ၁၅ သိန်းဖြင့် ၀ဏ္ဏခွာနီးက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ဇန်န၀ါရီလ ၁၁ ရက်က စတင်လေလံခေါ်ခဲ့ခြင်း ဖြစ်ကာ လုပ်ငန်းရှင်တစ်ဦးက ကျပ် ၂၁ သိန်းဖြင့် ၀ယ်ယူလိုက်ခြင်း ဖြစ်သည်။

“ရခိုင်ဒေသတွင် ကျဆုံးသွားတဲ့ ရဲဘော်များရဲ့ကျန်ရစ်သူမိသားစုအား လှူဒါန်းရန် အလွန်တရာ ချစ်မြတ်နိုးတဲ့ ဂစ်တာလေးအား လေလံတင်ရောင်းချရာ အကိုတယောက်က ကျပ်ငွေ (၂၁) သိန်းဖြင့် ဝယ်ယူသွားပါသည်။ ကျေးဇူးပါ အကို။ မကြာခင်ရက်ပိုင်းအတွင်း သက်ဆိုင်ရာ ဌာနဆိုင်ရာသို့ သွားရောက်လှူဒါန်းမှာ ဖြစ်ပါသည်။ လှူဒါန်းရမည့်နေရာလေးသိရင် အလင်းပြကြပါဗျ” ဟု ၀ဏ္ဏခွာနီးက လူမှုကွန်ရက်ပေါ်တွင် ရေးသားထားသည်။

IC တစ်ဖွဲ့လုံး လက်မှတ်ရေးထိုးထားသည့် ဂစ်တာမှာ ၉၅ ရာခိုင်နှုန်း အသစ်ဖြစ်ကာ ၎င်း၏ အကိုတစ်ဦးမှ ထိုင်းနိုင်ငံမှ ပေးပို့ထားခြင်းဖြစ်ကာ ၀ဏ္ဏခွာနီးမှာမူ ဂစ်တာ တီးတတ်သူတစ်ဦး မဟုတ်ပေ။

ရောင်းချလိုက်သည့် ဂစ်တာနှင့်အတူ ဂစ်တာအိတ်နှင့် ဂစ်တာလွယ်ကြိုးများလည်း ပါဝင်သည်။
Photo : Wanna Khwar Nee's Facebook

ပြီးခဲ့သည့် ဇန်ဝါရီလ ၄ ရက် (လွတ်လပ်ရေးနေ့) က ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ ရဲစခန်းလေးခုအား AA တပ်ဖွဲ့က ၀င်ရောက်တိုက်ခိုက်ရာ ရဲတပ်ဖွဲ့ ၁၃ ဦး သေဆုံးကာ ၉ ဦး ဒဏ်ရာရရှိခဲ့သည်။

ယင်းသို့ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ AA တပ်ဖွဲ့အား နှိမ်နင်းမည်ဖြစ်ကြောင်း သမ္မတရုံးက သတင်းစာရှင်းလင်းပွဲ ပြုလုပ် ထုတ်ပြန်ထားပြီး မြန်မာအစိုးရက အကြမ်းဖက်အဖွဲ့ဟု ကြေညာထားသည့် ARSA အဖွဲ့နှင့်လည်း ပတ်သက်နေသည်ဟု သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဋ္ဌေးက ဇန်န၀ါရီလ ၇ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

AA တပ်ဖွဲ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်တွင် စခန်းနှစ်ခု တည်ဆောက်ထားသည်ဟု သမ္မတရုံးက ထုတ်ဖော်ပြောဆိုထားပြီး ယင်းပြောဆိုချက်များမှာ မဟုတ်မှန်ကြောင်း AA ဘက်မှ တုံ့ပြန်ထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Photo : http://www.statecounsellor.gov.mm
မြစ်ကြီးနား၊ ဇန်န၀ါရီလ ၁၁

ဒီမိုကရေစီစနစ်မှာ လူထုကို အခြေခံသည့် စနစ်ဖြစ်၍ အစိုးရတစ်ခုတည်းအား အားကိုးနေခြင်းမှာ မမှန်ကန်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော်ပြောဆိုလိုက်သည်။

အစိုးရအဖွဲ့ အကြီးအကဲခေါင်းဆောင်ဖြစ်သူက ကချင်ပြည်နယ်၊ မြစ်ကြီးနားတွင် ပြုလုပ်သည့် ၇၁ ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားတွင် ပြောဆိုလိုက်ခြင်းဖြစ်ပြီး ယင်းအခမ်းအနားကို မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ မနောဝင်းအတွင်း ပြုလုပ်ခြင်း ဖြစ်သည်။

“ဒီ ပြည်ထောင်စုဟာ ကျွန်မတို့လိုလားတဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု အစစ်အမှန် မဖြစ်သေးဘူး။ ဒါကို ဖြစ်အောင်လို့ ကျွန်မတို့ နိုင်ငံတော် အစိုးရသာမက ပြည်သူလူထုတွေအားလုံး ဝိုင်းဝန်းပြီးတော့ ကြိုးစားဖို့ လိုတယ်။ အစိုးရတစ်ခုတည်းကိုပဲ အားကိုးတယ်ဆိုတာ ဒီမိုကရေစီမဆန်ပါဘူး။ တကယ်တော့ ဒီမိုကရေစီဆိုတာ ပြည်သူလူထုပေါ်မှာ အခြေခံတဲ့စနစ်မို့ ပြည်သူလူထုရဲ့ အားကို အစိုးရတွေက ပြန်ပြီး အားကိုးရပါတယ်” ဟု အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြော

သည်။ အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုအဆင့် ၀န်ကြီးများအပြင် ကချင်ပြည်နယ် ၀န်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ပြည်နယ်ဝန်ကြီးများ၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်တေဇာကျော်၊ ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ မနောပွဲဖြစ်မြောက်ရေး ကော်မတီနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ကချင်ပြည်နယ်နေ့အဖြစ် မြန်မာပြည် လွတ်လပ်ရေးရသည့် ဇန်န၀ါရီလ ၄ ရက်အပြီး ခြောက်ရက်အကြာ ဇန်န၀ါရီလ ၁၀ ရက်နေ့ကိ သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ပထမဆုံး ပြုလုပ်သည့် ပြည်နယ်နေ့အခမ်းအနားကို မြန်မာနိုင်ငံ၏ ပထမဆုံးသော သမ္မတ စ၀်ရွှေသိုက်ကိုယ်တိုင် တက်ရောက်ခဲ့ဖူးသည်။

ယင်းနေ့ အခမ်းအနားတွင်ပင် ကချင်ပြည်နယ် ပြည်နယ်ကောင်စီကို စတင်ဖွဲ့စည်းကာ ဥက္ကဋ္ဌအဖြစ် ဆမားဒူးဝါး ဆင်ဝါးနောင်ကို ရွေးချယ်တင်မြှောက်ခဲ့သည်။

ကချင်ပြည်နယ်နေ့ ကျင်းပမှုကို တော်လှန်ရေးအစိုးရ တက်လာသည့် ၁၉၆၂ ခုနှစ်မှစကာ အထူးတလည် ကျင်းပခွင့်မရတော့ဘဲ ၁၉၉၃ ခုနှစ်ကျမှသာ ပြည်နယ်နေ့ မနောပွဲကို ပြန်လည် ကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က “ဒီမနောကွင်းကြီးထဲ စုဝေးတဲ့အခါ မနောပွဲတွေရဲ့ ဇာစ်မြစ်ကို ပြန်ပြီး စဉ်းစားစေချင်ပါတယ်။ မနောပွဲတွေရဲ့ ဇာစ်မြစ်ဟာ နတ်ကိုးကွယ်မှုနဲ့ ပတ်သက်နေပါတယ်။ ကိုးကွယ်တယ် ဆိုတာ ဘာကြောင့်ကိုးကွယ်တာလဲ။ နတ်တွေကို ကိုးကွယ်ကြတယ်၊ ကိုယ်ယုံကြည်တဲ့ ဘုရားတွေ၊ ဘာသာတွေကို ကိုးကွယ်ကြတယ်။ ကိုးကွယ်ခြင်းဆိုတာ အားကိုးခြင်းပါပဲ။ နတ်တွေ ကိုးကွယ်တယ်၊ နတ်တွေကို အားကိုးတယ်။ ဘုရားသခင်ကို အားကိုးတယ်၊ ဘုရားသခင်၊ နတ်၊ သိကြားတွေကတော့ ကျွန်မတို့ လူသားတွေကို မိမိကိုယ် မိမိ အားကိုးစေချင်ကြပါတယ်။ မိမိကိုယ်မိမိ အားကိုးစေနိုင်တဲ့ အစွမ်းသတ္တိတွေ မွေးမြူဖို့ဆိုတာ ပြည်ထောင်စု တိုင်းရင်းသားအားလုံးရဲ့ တာဝန်ဖြစ်ပါတယ်။ ဒီလို အစွမ်းသတ္တိတွေရှိမှ ကျွန်မတို့ နိုင်ငံကို ကျွန်မတို့ လိုချင်တဲ့ တိုင်းပြည်ကြီးတစ်ခုဖြစ်အောင် တည်ထောင်နိုင်မှာပါ” ဟုလည်း ဆိုသည်။

ဒေသတွင်း ငြိမ်းချမ်းရေး အခြေအနေနှင့် ပတ်သက်၍လည်း ၎င်းက “ကျွန်မတို့နိုင်ငံသာ အေးချမ်းသွားမယ်ဆိုရင်၊ နိုင်ငံအတွင်းမှာ ငြိမ်းချမ်းရေး ရမယ်ဆိုရင် သမ္မတကြီးမိန့်ဆိုခဲ့တဲ့အတိုင်း ဆယ်နှစ်အတွင်းတောင် မဟုတ်ဘူး၊ တစ်နှစ်အတွင်းတောင် သိသိသာသာ အပြောင်းအလဲတွေ မြင်ရမယ်လို့ ယုံကြည်တယ်။ ပြည်တွင်းစစ်မီးတွေ အားလုံးငြိမ်းသွားပြီးတာနဲ့ တစ်နှစ်အတွင်းမှာ အပြောင်းအလဲတွေကို သိသိသာသာ မြင်ရလိမ့်မယ်” ဟု ထည့်သွင်းပြောဆိုထားသည်။

လက်ရှိတွင် တပ်မတော်ဘက်မှ စစ်တိုင်းငါးတိုင်းမှလွဲ၍ ကျန်သည့် စစ်တိုင်းဌာနများတွင် စစ်ရေးလှုပ်ရှားမှုများကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ထားပြီး ပြည်နယ်အခြေစိုက် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) လှုပ်ရှားရာ ဒေသများမှာလည်း စစ်ရေးရပ်ဆိုင်းမည့် ဒေသများတွင် ပါဝင်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ပြည်၊ ဇူလိုင် ၆

ပဲခူးတိုင်း၊ ပြည်မြို့နယ်၊  ဥယျာဉ်စုဘုန်းကြီးကျောင်းအတွင်း မီးလောင်မှုဖြစ်ပွားရာမှတစ်ဆင့် ယောဂီတစ်ဦး သေဆုံးမှုတစ်ရပ် ဇူလိုင်လ ၆ ရက် နံနက်အစောပိုင်းက ဖြစ်ပွားခဲ့သည်။

ရွာဘဲရပ်ကွက်၊ ဖက်တန်းလမ်းရှိ ဥယျာဉ်စုဘုန်းကြီးကျောင်းအတွင်း ကျောင်းဆောင်အောက်ထပ်ရှိ ထင်းမီးဖိုမှ မီးကြွင်းမီးကျန်များကြောင့် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အသက် ၈၅ နှစ်အရွယ် ယောဂီ ဒေါ်ခင်ထားမြင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်။

ဇူလိုင်လ ၆ ရက် နံနက် နံနက် တစ်နာရီခန့်က အဆိုပါကျောင်းဆောင်တွင် ဦးဇင်းတစ်ပါး၊ မယ်သီလရှင်တစ်ပါးနှင့် ယောဂီဖြစ်သူ ဒေါ်ခင်ထားမြင့်နှင့် သမီးဖြစ်သူတို့ နေထိုင်နေကြစဉ် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကာ ကျန်သူများ လွတ်မြောက်ခဲ့သော်လည်း ဒေါ်ခင်ထားမြင့်မှာမူ တစ်ကိုယ်လုံး မီးလောင်ကျွမ်းသည့်ဒဏ်ရာဖြင့် သေဆုံးခဲ့သည်။


အဆိုပါ မီးလောင်ကျွမ်းမှုကို မီးသတ်ကား အစီး ၂၀၊ မီးသတ်တပ်ဖွဲ့ဝင် ၇၀ ဦးတို့ဖြင် ငြိမ်းသတ်ခဲ့ရပြီး ကာလတန်ကြေး ကျပ်လေးသိန်းခွဲတန်ဖိုးရှိ ကျောင်းဆောင်တစ်လုံး ပျက်ဆီးဆုံးရှုံးခဲ့ရသည်။

ထင်းမီးဖိုအနီးတွင် မီးလောင်ကျွမ်းသေဆုံးခဲ့သူ ဒေါ်ခင်ထားမြင့်ကိုမူ မီးပေါ့ဆစွာ သုံးစွဲမှုဖြင့် ဒုရဲအုပ် မြတ်သူစိုးက တရားလိုပြုလုပ်၍ တိုင်တန်းသဖြင့် ပြည်မြို့နယ်ရဲစခန်းတွင် (ပ) ၅၈၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅/၃၀၄-က ဖြင့် အမှုဖွင့်ထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ရန်ကုန်၊ ဇွန် ၂၂

အသက် ၂၅ နှစ်အရွယ် အစားသောက်နှင့် ဆေးဝါးကွပ်ကဲမှုဌာန FDA မှ အမျိုးသမီးအား မုဒိန်းကျင့်သတ်ဖြတ်ကာ ပစ္စည်းများ ယူဆောင်သွားသည့် တရားခံဖြစ်သူ မျိုးဇော်ဦး (ခ) ဆီဒိုးနားကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁) (ဂ) အရ ဇွန်လ ၂၂ ရက်က သေဒဏ် ချမှတ်လိုက်ပြီ ဖြစ်သည်။

ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်းတွင် နေထိုင်သူ FDA မှ ဒုတိယကြီးကြပ်ရေးမှူးဖြစ်သူ မရွှေရည်ဝင်း (ခ) ရွှေရည်၏ စွန့်ပစ်ခံထားရသည့် ရုပ်အလောင်းကို ဒဂုံမြို့သစ်မြောက်ပိုင်း၊ ၃၃ တိုးချဲ့ရပ်ကွက်၊ ငမိုးရိပ်ချောင်းဘေးတွင် ဒဏ်ရာများဖြင့် တွေ့ရှိခဲ့ရာမှ ဆက်လက်စစ်ဆေး ဖော်ထုတ်မှုများအရ တရားခံ မျိုးဇော်ဦး (ခ) ဆီဒိုးနားကို ဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် ပြစ်မှုကျူးလွန်သူအား ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံးတွင် ရာဇသတ်ကြီးပုဒ်မ ၃၉၄၊ ၃၇၆၊ ၃၇၇၊ ၃၀၂ တို့ဖြင့် တရားစွဲဆိုခဲ့ပြီးနောက် ယနေ့တွင် ယခုကဲ့သို့ သေဒဏ် ချမှတ်လိုက်ခြင်း ဖြစ်သည်။

တရားခံမှာ သေဆုံးသူ၏ လက်ကိုင်ဖုန်းအား ဖုန်းဆိုင်တစ်ခုတွင် သွားရောက်ပြင်ဆင်ရာမှတစ်ဆင့် ဖုန်းဆိုင် တာဝန်ရှိသူများက ရဲတပ်ဖွဲ့သို့ သတင်းပေးပို့ခဲ့ခြင်းကြောင့် ခေါ်ယူစစ်ဆေးခဲ့ရာမှ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။ မုဒိန်းကျင့် လူသတ်မှု ကျူးလွန်ရခြင်းမှာ တရားခံ မျိုးဇော်ဦး (ခ) ဆီဒိုးနား မောင်းနှင်သည့် တက္ကစီအား မရွှေရည်ဝင်း (ခ) ရွှေရည်မှ ငှားစီးစဉ် ယာဉ်စီးခ ပိုတောင်းမှုဖြစ်ရာမှ အချင်းများပြီးနောက် ၀က်အူလှည့်ဖြင့် တိုက်ခိုက်ခဲ့ပြီး သတိမေ့မျောနေစဉ် သားမယားအဖြစ် ပြုကျင့်ခဲ့ပြီး စွန့်ပစ်ထားခဲ့ခြင်း ဖြစ်သည်။ မရွှေရည်ဝင်း (ခ) ရွှေရည်မှာ ၀က်အူလှည့်ဖြင့် တိုက်ခိုက်ခံရမှုကြောင့် သတိလစ်ရာမှ သေဆုံးခဲ့ခြင်းလည်း ဖြစ်သည်။

အောက်ချင်းသစ္စာာ သတင်းအေဂျင်စီ
ရန်ကုန်၊ ဇွန် ၂၀

မလေးရှားနိုင်ငံတွင် ဖမ်းဆီးမိသော မြန်မာပြည်မှ တင်ပို့သည့် မူးယစ်ဆေးဝါးများနှင့် ပတ်သက်၍ ဖမ်းဆီးမိသော တရားခံများပိုင် ငွေကြေးများကို ငွေကြေးခ၀ါချမှုတိုက်ဖျက်ရေးဥပဒေအရ ထိန်းသိမ်းစစ်ဆေးနေရာတွင် ကျပ်သိန်းပေါင်း နှစ်သိန်းနီးပါးခန့် ရှိပြီဖြစ်သည်။

မူးယစ်မှုနှင့် ပတ်သက်၍ ပါဝင်နေသော မြန်မာနိုင်ငံသားများကို အစိုးရက ဖော်ထုတ်ထိန်းသိမ်းမှုများ ဆက်တိုက်လုပ်ပြီးနောက် ၎င်းတို့၏ မြေ၊ အဆောက်အအုံ၊ မော်တော်ယာဉ်၊ ရွှေ၊ ငွေ နှင့် ဘဏ်စာရင်းများကို စိစစ်ခဲ့ရာ ဖမ်းဆီိးရမိသော  မောင်မောင် (ခ) Yassin ထံမှ ငွေကျပ် သိန်းပေါင်း ၇၀,၀၀၀ ကျော်၊ ထားဝယ်ကြီး (ခ) အောင်လွင်ထံမှ ခန့်မှန်းငွေကျပ် သိန်းပေါင်း ၂၇,၀၀၀ ကျော်၊ဇေယျာဟိန်းထံမှ ငွေကျပ် သိန်း ၄,၀၀၀ ကျော်နှင့် မင်းနိုင်ထံမှ ကျပ်သိန်း ၅၀၀ တို့ကို ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေးဥပဒေအရ ထိန်းသိမ်း အရေးယူ ဆောင်ရွက်လျက် ရှိသည်။

ထိြု့ပင် အမှုနှင့် ဆက်စပ်ပြီး တိမ်းရှောင်တိမ်းရှောင်နေသူများ ဖြစ်သည့် ချင်ကျားမူ (ခ) မကျားဝေ (ခ) နှင်းဦးလွင် ပိုင်ဆိုင်သည့် ငွေကျပ် သိန်းပေါင်း ၈၀,၀၀၀ ကျော်နှင့် ဟူစိန် (ခ) မိုဟာမက်ဟူစိန်ပိုင် ခန့်မှန်းငွေကျပ် သိန်းပေါင်း ၅,၀၀၀ ကျော်တို့ကိုလည်း ကနဦး စစ်ဆေးချက်များ ထိန်းသိမ်းထားလိုက်ပြီ ဖြစ်သည်။

ဖမ်းဆီးမိသူများနှင့် ထွက်ပြေးတိမ်းရှောင်နေသူတို့ထံမှ ထိန်းသိမ်းထားသည့် ငွေကြေးစုစုပေါင်းပမာဏမှာ ငွေကျပ်သိန်းပေါင်း ၁၈၆,၅၀၀ (ကျပ်သိန်းပေါင်း နှစ်သိန်းနီးပါး) ရှိပြီဖြစ်ကာ အမှုတွင် ပတ်သက်နေပြီး လွတ်မြောက်နေသည့် ချင်ကျားမူ (ခ) မကျားဝေ (ခ) နှင်းဦးလွင်၊ ဟူစိန် (ခ) မိုဟာမက်ဟူစိန်တို့ကို တွေ့ရှိပါက ပြည်သူများအနေဖြင့် နီးစပ်ရာ ရဲစခန်းများသို့ သတင်းပေးပို့ပေးကြရန်အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က နှိုးဆော်ထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ရန်ကုန်၊ ဇွန် ၁၁

HIV ကူးစက်ခံ မိဘမဲ့ ကလေးငယ်များအား ကူညီစောင့်ရှောက်ပေးနေသော သုခရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ အမည်ကို အလွဲသုံးစားပြုလုပ်၍ ပြင်ပတွင် ငွေကြေးကောက်ခံမှုများ ရှိနေကြောင်းနှင့် ယင်းသို့ လုပ်ဆောင်မှုများကို တရားစွဲဆို အရေးယူသွားမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် ကြေညာထားသည်။

၂၀၀၅ ခုနှစ်ကတည်းက စတင်တည်ထောင်လုပ်ကိုင်နေသည့် သုခရိပ်မြုံနှင့် ပတ်သက်၍ “ယခုအခါ သုခရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ၏ အမည်နှင့် နေရပ်လိပ်စာကို အသုံးပြု၍ အလှူခံဖြတ်ပိုင်းအတုများဖြင့် လိုက်လံအလှူခံနေကြောင်း သိရှိရပါသည်” ဟု ဇွန်လ ၁၁ ရက် နိုင်ငံပိုင်သတင်းစာတစ်ခုဖြစ်သည့် ကြေးမုံသတင်းစာ၌ ဖော်ပြထားသည်။

သုခရိပ်မြုံဂေဟာအနေဖြင့် စတင် တည်ထောင်စဉ်ကတည်းက ဂေဟာသို့ လာရောက်လှူဒါန်းမှုများကိုသာ လက်ခံခဲ့ခြင်းဖြစ်ပြီး ပြင်ပသို့ သွားရောက် အလှူခံခြင်းမျိုး မလုပ်ခဲ့ကြောင်း၊ ယခုအခါ ဂေဟာကို အကြောင်းပြု၍ မမှန်မကန် အလွဲသုံးစားလုပ်နေသော လူပုဂ္ဂိုလ်၊ အသင်းအဖွဲ့များအနေဖြင့် ဆက်လက် မလုပ်ဆောင်ကြပါရန်အတွက် ပြင်းထန်စွာ သတင်းပေး တားမြစ်လိုက်ကြောင်း၊ လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေများနှင့်အညီ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ဂေဟာ တည်ထောင်သူတစ်ဦးဖြစ်သလို ဂေဟာ၏ အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာထားထားက ကြေညာထားသည်။

သုခရိပ်မြုံဂေဟာရှိ ကလေးငယ်များမှာ မိဘနှစ်ဦးစလုံး AIDS ရောဂါဖြင့် သေဆုံးသွားခဲ့ပြီး မိဘမှတစ်ဆင့် HIV ပိုး ကူးစက်ခံခဲ့ရကာ မိဘမဲ့ဖြစ်နေသော ကလေးငယ်များဖြစ်ပြီး အစိုးရအပါအ၀င် အခြားသော အရပ်ဘက်အဖွဲ့အစည်းများက ဖွင့်လှစ်ထားသော ဂေဟာများတွင် သတ်မှတ်ချက်နှင့် မကိုက်ညီ၍ ငြင်းပယ်ခံထားရသော ကလေးများလည်း ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ဓာတ်ပုံ - ပြည့်အောင်
ရန်ကုန်၊ ဇွန် ၆

ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်အရ ပွင့်လင်းမြင်သာ ဖြေလျော့ပေးပြီး အာမခံချက်ရှိသော ၀န်းကျင်ကို ရရှိစေမှာ ဖြစ်သည့်အတွက် ဥရောပသမဂ္ဂ EU အနေဖြင့် ကဏ္ဍ ၁၁ ခုတွင် ရင်းနှီးမြှုပ်နှံပေးကြစေလိုကြောင်း ဒုသမ္မတ ဦးမြင့်ဆွေက ယနေ့ ပြောဆိုလိုက်သည်။

ဇွန်လ ၆ ရက်က နေပြည်တော်ရှိ Kempinsky ဟိုတယ်တွင် ပြုလုပ်သော Myanmar-EU Economic Forum တွင် ပြောဆိုလိုက်ခြင်းဖြစ်ကာ အဆိုပါဖိုရမ်အား ဥရောပကုန်သည်ကြီးများအသင်းက စီစဉ်ကျင်းပပေးခြင်း ဖြစ်ပြီး ရင်းနှီးမြှုပ်နှံစေလိုသော ကဏ္ဍ ၁၁ ခုတွင် ကုန်ထုတ်လုပ်ငန်းများအပြင် ၀န်ဆောင်မှုလုပ်ငန်းများလည်း ပါဝင်သည်။

“ဦးစားပေးလုပ်ငန်းတွေဖြစ်တဲ့ အခြေခံအဆောက်အဦကဏ္ဍ၊ လယ်ယာကဏ္ဍ၊ တိရစ္ဆာန်နှင့် ရေထွက်ပစ္စည်း မွေးမြူထုတ်လုပ်ခြင်းလုပ်ငန်းများ၊ ပို့ကုန်မြှင့်တင်နိုင်မယ့် ကုန်ထုတ်လုပ်ငန်းများ၊ သွင်းကုန်အစားထိုး ကုန်ထုတ်လုပ်ငန်းများ၊ စွမ်းအင်ကဏ္ဍဆိုင်ရာ လုပ်ငန်းများ၊ အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာလုပ်ငန်းများ၊ ပညာရေးဝန်ဆောင်မှုလုပ်ငန်းများ၊ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ၊ တန်ဖိုးနည်းအိမ်ရာ တည်ဆောက်ခြင်း၊ စက်မှုမြို့တော် တည်ဆောက်ခြင်းလုပ်ငန်းများမှာ ရင်းနှီးမြှုပ်နှံပေးကြဖို့ ဖိတ်ခေါ်လိုပါတယ်” ဟု ဒုသမ္မတ ဦးမြင့်ဆွေက ဖိုရမ်အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုလိုက်သည်။

၂၀၁၈ ခုနှစ် ဧပြီလအထိ စာရင်းဇယားများအရ မြန်မာနိုင်ငံတွင် EU အဖွဲ့ဝင်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံထားသည့် ပမာဏမှာ အမေရိကန်ဒေါ်လာ ၆ ဒသမ ၆ ဘီလျံခန့် ရှိကာ နိုင်ငံခြားတိုက်ရိုကjr်ရင်းနှီးမြှုပ်နှံမှု FDI အနေဖြင့် FDI စုစုပေါင်းတန်ဖိုး၏ ၈ ဒသမ ၆၈ ရာခိုင်နှုန်း ရှိသည်။ မြန်မာနိုင်ငံ ကုမ္ပဏီအက်ဥပဒေအရ နိုင်ငံတွင်း ဖွဲ့စည်း ထူထောင် လည်ပတ်နေသည့် EU ကုမ္ပဏီပေါင်း ၃၀၀ ကျော်ရှိကြောင်း ဒုသမ္မတမိန့်ခွန်းတွင် ပါရှိသည်။

EU အနေဖြင့် မြန်မာနိုင်ငံအပေါ် ထားရှိသည့် တားဆီးပိတ်ပင်မှုများကို ၂၀၁၂ ခုနှစ် ဧပြီလမှစ၍ ရပ်ဆိုင်းခဲ့ပြီး ၂၀၁၃ ခုနှစ် ဧပြီလတွင် အပြီး ဖယ်ရှားပေးခဲ့ပြီးနောက် နှစ်နိုင်ငံ ကုန်သွယ်မှုများ ပြုလုပ်ခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ စတုတ္ထမြောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသူ ဖြစ်လာခဲ့ကြောင်း ဥရောပသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ သံရုံးက ထုတ်ပြန်ထားသည်။

၂၀၁၅ ခုနှစ် ကုန်သွယ်မှုကိန်းဂဏန်းများအရ ဥရောပမှ မြန်မာနိုင်ငံသို့ တင်သွင်းလာသည့် ကုန်အမယ်များမှာ လေယာဉ်များ၊ စက်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းနှင့် စက်ကိရိယာများ၊ ဆေးဝါး၊ မှန်ဘီလူး၊ မျက်မှန်နှင့် အလှကုန်တို့ ဖြစ်ပြီး မြန်မာဘက်က တင်ပို့သော ကုန်ပစ္စည်းများမှာ ဆန်၊ ရေထွက်ပစ္စည်း၊ သစ်ထွက်ကုန်ပစ္စည်းနှင့် ပဲတို့ ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ရန်ကုန်၊ ဇွန် ၆

မလေးရှားနိုင်ငံသို့ မြန်မာနိုင်ငံမှ တင်ပို့နေသော မူးယစ်ဆေးဝါးများကိစ္စနှင့် ပတ်သက်နေသော မောင်မောင် (ခ) Hj Yassin နှင့် ဆက်စပ်တရားခံတို့ ဘဏ်တွင် အပ်နှံထားသော ငွေစာရင်းရှိ ငွေကျပ် သိန်းပေါင်း ၂၈၀၀၀ ကျော်နှင့် ATM ကတ်နှစ်ခုတို့ကို ပိတ်သိမ်းထားရှိပြီဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ထားသည်။

မလေးရှားနိုင်ငံ၊ စီမရမ်မြို့ ကုန်လှောင်ရုံတွင် မေလ ၂၂ ရက်က ဘိန်းဖြူနှင့် မက်အဖက်တမင်း ဆေးဝါးများကို မလေးရှားနိုင်ငံသား သုံးဦး၊ မြန်မာနိုင်ငံသား သုံးဦးတို့ကို ဖမ်းဆီးမိခဲ့ပြီးနောက် ဆက်စပ်တရားခံ တစ်ဦးကို ဖမ်းဆီးမိခဲ့ပြီး ယင်းဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူ မောင်မောင် (ခ) Hj Yassin မှာမူ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်သည်။

မူးယစ်ဆေးဝါးများကို ရန်ကုန်မြို့ရှိ Nice Gyu Clearance Service Agency က စားသောက်ကုန်များအတွင်း ရောနှောထည့်သွင်း ပေးပို့ခဲ့ခြင်းဖြစ်ကာ မလေးရှားသို့ ပို့ဆောင်ပေးရန်အတွက်  မောင်မောင် (ခ) Hj Yassin က လာရောက်ဆက်သွယ်မှုအရ U Kaung Trading Co.,Ltd က တာဝန်ယူ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်နှင့် ပတ်သက်သော ဆက်စပ်တရားခံ တစ်ဦးကို ဇွန်လ ၂ ရက် နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ပြီဖြစ်ကာ အဓိက တရားခံဖြစ်သူ မောင်မောင် (ခ) Hj Yassin မှာမူ ထွက်ပြေး တိမ်းရှောင်လျက် ရှိသည်။

ဖမ်းဆီးရမိထားသူ၏ ဖော်ထုတ်ချက်အရ မောင်မောင် (ခ) Hj Yassin သည် အဆိုပါ မူးယစ်ဆေးဝါးများကို လှည်းကူးမြို့ရှိ Nice Guy ရေသန့်စက်ရုံမှတစ်ဆင့် အောက်ပုဇွန်တောင်လမ်းရှိ ဂိုထောင်သို့ သယ်ဆောင်ကာ ယင်းမှတစ်ဆင့် သင်္ဘောတင်ပေးပို့မှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ဖော်ထုတ်မှုများအရ မောင်မောင် (ခ) Hj Yassin ၏ နေအိမ်အား ၀င်ရောက်စစ်ဆေးခဲ့ရာ ငွေကျပ် သိန်း ၂၅၀ ဖိုးခန့်ရှိ လက်ဝတ်ရတနာများ၊ ကားအရောင်းအ၀ယ်စာချုပ်ကို သိမ်းဆည်းရမိခဲ့သည်။

၎င်းထွက်ပြေး တိမ်းရှောင်စဉ်က အသုံးပြုခဲ့သော မော်တော်ယာဉ်အား ဇွန်လ ၃ ရက် ညပိုင်းက တာမွေ ခုံးကျော်တံတားအောက်တွင် တွေ့ရှိ သိမ်းဆည်းနိုင်ခဲ့သော်လည်း တရားခံမှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သဖြင့် ၎င်းနှင့်အတူ အခြားဆက်စပ်တရားခံများကို ဖမ်းဆီးမိရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနက ဆက်လက်လုပ်ဆောင်လျက် ရှိသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း
ရန်ကုန်၊ မေ ၂၈

မြန်မာနိုင်ငံ အနောက်ပိုင်း ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်နေသည့် လေဖိအားနည်း ရပ်ဝန်း၏ အရှိန်ကြောင့် လာမည့် ၃ ရက် (၇၂ နာရီ) အတွင်း နေပြည်တော်အပါအ၀င် မြန်မာနိုင်ငံ တိုင်းနှင့် ပြည်နယ် ၁၂ ခုတွင် နေရာကွက် မိုးကြီးခြင်းနှင့် ဒေသအလိုက် မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေည ညွှန်ကြားမှုဦးစီးဌာနက မေလ ၂၈ ညနေ ၄ နာရီက ထုတ်ပြန်ထားသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းမှာ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေခြင်းဖြစ်ကာ ယင်းအရှိန်ကြောင့် နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် ပြည်နယ်များဖြစ်သော ကချင်၊ ရှမ်း၊ ချင်း၊ ရခိုင်နှင့် မွန်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းကာ နေရာကွက်၍ မိုးကြီးခြင်းနှင့် ဒေသအလိုက် မိုးကြီးခြင်းများ ဖြစ်ပေးနိုင်သည်။

ထို့ပြင် လာမည့် ၂၄ နာရီအတွင်း စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရန်ကုန်၊ ဧရာဝတီနှင့် ပဲခူးတိုင်း၊ ကချင်၊ ရှမ်း၊ ချင်း၊ ရခိုင်နှင့် မွန်ပြည်နယ်တို့တွင် ၇၇ မီလီမီတာ (၃ လက်မ) အထက် မိုးရွာသွန်းနိုင်ကာ နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးနှင့် မန္တလေးတိုင်းတို့တွင် ၃၇ မီလီမီတာ (၁ လက်မခွဲ) နှင့်အထက် ရွာသွန်းနိုင်ကြောင်းလည်း မိုး/ဇလဌာနက ထုတ်ပြန်ထားသည်။ အဆိုပါ လေဖိအားနည်း ရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ လာမည့် ၂၄ နာရီအတွင်း မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိနိုင်ကြောင်းလည်း မိုး/ဇလက ခန့်မှန်းထားသည်။

ယင်း လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သည့်အတွက် ကုန်းမြင့်ဒေသတွင် နေထိုင်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ ကမ်းရိုးတန်းနှင့် မြစ်ငယ်၊ ချောင်းငယ်များအနီး နေထိုင်သူများအနေဖြင့် ရေကြီး၊ ရေလျှံမှုအန္တရာယ်တို့ ဖြစ်ပေါ်နိုင်သည့်အတွက် သတိထားနေထိုင်ကြရန် သတိပေးထားသည်။

ထို့ပြင် ပြည်တွင်းလေကြောင်းပျံသန်းမှု၊ ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်ရှိ ကမ်းနီး၊ ကမ်းဝါး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိထားကြရန်အတွက် မိုး/ဇလဌာနက အကြံပြုထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
နေပြည်တော်၊ မေ ၁၄

အသက် ကိုးနှစ်အရွယ် တတိယတန်းကျောင်းသားတစ်ဦးအား အသက် ၆၀ နှစ်အရွယ် အမျိုးသားတစ်ဦးက ဓမ္မတာနှင့်ဆန့်ကျင်၍ အဓမ္မပြုကျင့်မှုတစ်ရပ် နေပြည်တော်၌ ဖြစ်ပွားခဲ့ပြီး အမှုတွင် ပါဝင်ပတ်သက်သူများကို စစ်ဆေးလျက်ရှိကြောင်း နေပြည်တော် အမှတ် (၇) နယ်မြေရဲစခန်းမှ စုံစမ်းသိရှိရသည်။

ဖြစ်စဉ်မှာ ယင်း အသက်ကိုးနှစ်အရွယ် ကျောင်းသားမှာ တစ်တိုက်တန်းနေ အခြားအခန်းမှ ကလေးငယ်တစ်ဦးနှင့် သွားရောက်ဆော့ကစားစဉ် အဆိုပါကလေးငယ်၏ အဖိုးဖြစ်သူ အသက် ၆၀ နှစ်အရွယ် ဦးသာညို (ဘ) ဦးသာဒိုးအောင်က မေလ ၁၀ ရက်တွင် ဓမ္မတာနှင့် ဆန့်ကျင်၍ ခြောက်ကြိမ်တိုင် အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် မေလ ၁၁ ရက် နံနက်ပိုင်းတွင်လည်း နောက်ထပ် လေးကြိမ် ပြုကျင့်ခံရကြောင်းကို ၎င်း၏ အဘွားဖြစ်သူအား တိုင်ကြားခဲ့ကြောင်း၊ ယင်းမှတစ်ဆင့် မိခင်ဖြစ်သူ သိရှိသွားကာ ကလေးငယ်အား ထပ်မံမေးမြန်းခဲ့ရာ ဟုတ်မှန်ကြောင်း ပြောဆိုခဲ့သည့်အတွက် ဦးသာညိုအား နေပြည်တော် အမှတ် (၇) နယ်မြေရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

ယင်းတိုင်ကြားမှုနှင့် ပတ်သက်၍ ဦးသာညိုအား (ပ) ၁၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၇ ဖြင့် မေလ ၁၂ ရက်က အမှုဖွင့် အရေးယူခဲ့ပြီး ကျူးလွန်ခံရသူ ကလေးငယ်နှင့် ကျူးလွန်သူ ဦးသာညိုတို့အား ဆေးစာပေးပို့ စစ်ဆေးခြင်းများ၊ အခင်းဖြစ်ပွားရာ နေရာများကို စစ်ဆေးခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် ကျူးလွန်သူဟု သံသယဖြစ်ခံထား စစ်ဆေးနေသူ ဦးသာညိုအား အမှတ် (၁) မြို့မရဲစန်းတွင် ထိန်းသိမ်းထားသည်။

ရာဇသတ်ကြီးပုဒ်မ ၃၇၇ မှာ သဘာမကျသည့် လိင်ဆက်ဆံမှုပြုခြင်း၊ ယောက်ျားအချင်းချင်း ပြုကျင့်ခြင်း၊ တိရစ္ဆာန်နှင့် လိင်ဆက်ဆံခြင်းတို့ ပြုကျင့်မှုနှင့် သက်ဆိုင်သည့် ဥပဒေပုဒ်မဖြစ်ပြီး ကျူးလွန်ပါက ထောင်ဒဏ် တစ်သက်တစ်ကျွန်းဖြစ်စေ၊ ၁၀ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်နှင့် ငွေဒဏ် နှစ်ရပ်စလုံးဖြစ်စေ ချမှတ် အပြစ်ပေးနိုင်သည့် ဥပဒေပုဒ်မ ဖြစ်သည်။

ပြည့်အောင်
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂၂

ကချင်ပြည်နယ်၊ ဖားကန့်ဒေသအတွင်း ကျောက်မျက်တူးဖော်ရေးကုမ္ပဏီအသီးသီးက နေ့ရော၊ ညပါ အလွန်အကျွံ တူးဖော်နေကြသည့် ကျောက်စိမ်းလုပ်ကွက်များကို တွေ့ရစဉ်။ ယင်းဒေသအတွင်း ကျောက်မျက်ကုမ္ပဏီများက စက်ယန္တရားယာဉ် စုစုပေါင်း ၁၀၀၀၀ စီးခန့်ဖြင့် တူးဖော်နေကြခြင်းဖြစ်ပြီး အရှေ့တောင်အာရှ၌ အများဆုံးဖြစ်သည်။ ဓာတ်ပုံ - စည်သူ (မြစ်ကြီးနား)







အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

နိုင်ငံ့၏ မြို့တော်ဖြစ်သော နေပြည်တော်ကို မီးလုံလုံလောက်လောက် ပေးနိုင်ဖို့အလို့ငှာ တည်ဆောက်ခဲ့သည့် ပေါင်းလောင်း (အထက်) ဆည်ကြောင့် ရေနစ်မြုပ်ခဲ့သည့် ပေါင်းလောင်းမြစ်ဝှမ်းဒေသနှင့် ထိုးထိုးထောင်ထောင်ဖြင့် ကျန်ရစ်သေဆုံးနေသော သစ်ခြောက်ပင်များကို တွေ့မြင်ရစဉ်။

Photo by Aung Htun Linn (အောက်ချင်းသစ္စာ သတင်းအေဂျင်စီ)
Photo by Aung Htun Linn (အောက်ချင်းသစ္စာ သတင်းအေဂျင်စီ)
Photo by Aung Htun Linn (အောက်ချင်းသစ္စာ သတင်းအေဂျင်စီ)
Photo by Aung Htun Linn (အောက်ချင်းသစ္စာ သတင်းအေဂျင်စီ)
Photo by Han Saw
Photo by Han Saw
Photo by Han Saw
Photo by Han Saw
Photo by Aung Htun Linn (အောက်ချင်းသစ္စာ သတင်းအေဂျင်စီ)
အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
နေပြည်တော်၊ ဖေဖော်ဝါရီ ၈

Forever Group က စီစဉ်ထုတ်လွှင့်နေသည့် 4TV နှင့် 5Network အစီအစဉ်အချို့အားပြောင်းလဲထုတ်လွှင့်ခဲ့သည့်အတွက် မကျေနပ်မှုများ ဖြစ်ပေါ်လာပြီး စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားမှုများ ရှိလာခဲ့ဖြင့် ဖေဖော်ဝါရီလ ၈ ရက်က နေပြည်တော် စားသုံးသူရေးရာ ဦးစီးဌာနရုံးချုပ်၌ Forever Group တာဝန်ရှိသူများ တွေ့ဆုံပြီးနောက် ဆက်လက်မကြည့်လိုသူများကို စက်တန်ဖိုးနှင့် ၀ယ်ယူထားသော လက်ကျန် Package အလိုက် တန်ဖိုးငွေကို ပြန်အမ်းပေးမည် ဖြစ်ကြောင်း တွေ့ဆုံမှုအပြီး ထုတ်ပြန်သည့် ဦးစီးဌာန ထုတ်ပြန်ချက်တွင် ပါရှိသည်။

တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုအခြေအနေများကို စားသုံးသူရေးရာ ဦးစီးဌာနက အောက်ဖော်ပြပါအတိုင်း ယခုကဲ့သို့ ထုတ်ပြန်ကြေညာထားသည်။
 
ပြည့်အောင်
ရန်ကုန်၊ ဖေဖော်ဝါရီ ၇

ဗမာ့တပ်မတော် စတင်ဖွဲ့စည်းရာတွင် ပါဝင်ခဲ့သူ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လက်ျာ၏ သားအငယ်ဆုံးအဖြစ် အယောင်ဆောင်၍ နိုင်ငံရေးပါတီတစ်ခုသို့ ၀င်ရောက်ရန် ကြိုးစားနေသူ ရှိကြောင်း ကျန်ရစ်သူ မိသားစုများက ကြေညာထားသည်။

“ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လက်ျာတွင် သားသမီး (၃) ဦးသာရှိကြောင်း အများသိစေရန် ကြေညာခြင်း” ခေါင်းစဉ်ဖြင့် တရားလွှတ်တော်ရှေ့နေ ဦးဇော်မင်းစိန်မှတဆင့် ဖေဖော်ဝါရီလ ၇ ရက်ထုတ် အစိုးရပိုင် ကြေးမုံသတင်းစာတွင် ကြေညာထားခြင်း ဖြစ်သည်။

ကြေညာချက်တွင် “ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လက်ျာနှင့် အလျဉ်းမပတ်သက် မသက်ဆိုင်သူတစ်ဦးက မမှန်မကန်နည်းလမ်းနှင့် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လက်ျာ၏ သားအငယ်ဆုံးဟု အယောင်ဆောင်၍ ပါတီတစ်ခုသို့ ပါတီဝင်အဖြစ် ၀င်ရောက်ရန် လာရောက်ဆက်သွယ်နေကြောင်း တွေ့ရှိရပါသောကြောင့် အများပြည်သူသို့ သိရှိစေရန် ကြေညာအပ်ပါသည်” ဟု ပါရှိသည်။

ထို့ပြင် “ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လက်ျာနှင့် ဇနီး ဒေါ်လှလှမြင့်တို့တွင် ဦးအောင်လက်ျာ (ကွယ်လွန်)၊ ဒေါက်တာ ခင်လက်ျာနှင့် ဒေါ်ယုလက်ျာတို့ သားသမီး သုံးဦးသာ ထွန်းကားခဲ့ပါသည်။ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လက်ျာတွင် အထက်ပါသားသမီးသုံးဦးမှတပါး အခြားသားသမီးများ လုံးဝမရှိကြောင်းနှင့် ဗိုလ်လက်ျာတွင် ဇနီး ဒေါ်လှလှမြင့် (ကွယ်လွန်) တစ်ဦးတည်းရှိကြောင်း တရားဝင်ကြေညာအပ်ပါသည်” ဟုလည်း ဖော်ပြထားသည်။
အဆိုပါ အယောင်ဆောင်သူမှာ မည်သည့်ပါတီဝင်အဖြစ် ၀င်ရောက်ရန် လုပ်ဆောင်နေသည်ကိုမူ ဖော်ပြထားခြင်း မရှိပေ။

မိုးမခမီဒီယာတွင် စာရေးဆရာ သန်းဝင်းလှိုင်က ၂၀၁၂ ခုနှစ် ဇွန်လအတွင်း “သမိုင်းတကွေ့မှ ဗိုလ်လက်ျာ (ရဲဘော်သုံးကျိပ်)” ခေါင်းစဉ်ဖြင့် ရေးသားထားသော ဆောင်းပါးတွင်မူ “ဗိုလ်လက်ျာသည် ဘီအိုင်အေတပ်၌ ဒုတိယစစ်သေနာပတိအဖြစ် တာဝန်ထမ်းရွက်ခဲ့သည်။ ၁၉၄၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့တွင် ဘီအိုင် အေဖျက်သိမ်း၍ ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) ဖွဲ့စည်းထားသောအခါ ဒုတိယဗိုလ်မှူးကြီးအဆင့်ဖြင့် ဘီဒီအေစစ်ဦးစီးအဖြစ် တာဝန်ထမ်းရွက်ခဲ့သည်။ ထို့နောက် ၁၉၄၂ ခုနှစ် ဒီဇင်ဘာလတွင် ဗိုလ်လက်ျာသည် မခင်လှနှင့် လက်ထပ်ခဲ့သည်” ဟု ဖော်ပြထားဖူးသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
ရန်ကုန်၊ စက်တင်ဘာ ၁၇

စစ်ကိုင်းတိုင်း၊ ကလေးဝမြို့ အထွက် ကလေးဝ-ကလေးလမ်းပေါ်ရှိ အောင်သိဒ္ဓိ စေတီတော်အနီး ကားလမ်းမြေသားပဲ့ကျနေမှုမှာ အဆိုပါလမ်းအား အားထားသွားလာနေရသည့် ခရီးသွားပြည်သူများအတွက် စိုးရိမ်စရာ အခြေအနေအဖြစ်သို့ ရောက်ရှိနေပါသည်။

ကလေးဝမြို့မှာ ဆိပ်ကမ်းမြို့တစ်ခုဖြစ်ပြီး အခြားပြည်နယ်များမှ အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး အခြေခံကုန်ပစ္စည်းများကို ကလေးဝသို့ ကုန်ကျစရိတ်သက်သာသည့် ရေလမ်းကြောင်းဖြင့် သယ်ယူကာ ကလေးမြို့၊ တမူးမြို့နှင့် ချင်းပြည်နယ် မြောက်ပိုင်းဒေသများသို့ ကလေးဝ-ကလေး ကားလမ်းအသုံးပြုကာ သယ်ယူနေရခြင်း ဖြစ်သည်။


သို့ဖြစ်ပါ၍ တာဝန်ရှိသူများအနေဖြင့် အဆိုပါ ကလေးဝ-ကလေး ကားလမ်းအား ယခုထက် အခြေအနေမဆိုးဝါးခင် အမြန်ဆုံး ပြုပြင်ပေးစေလိုကြောင်း အောက်ချင်းသစ္စာ သတင်းအေဂျင်စီမှ တစ်ဆင့် တောင်းဆိုအပ်ပါသည်။

ကလေးဝ-ကလေး ကားလမ်း အသုံးပြုနေသူများ (၁၇ စက်တင်ဘာ ၂၀၁၆)
ကလေး၊ သြဂုတ် ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးနှင့် ကလေးဝမြိုကအကြား ချောင်းကျဉ်းနှင့် ငါးမိုင်ကြားတွင် သြဂုတ်လ ၁၀ ရက်က လမ်းအက်ကွဲမှု တစ်ရပ်ဖြစ်ပေါ်ခဲ့ရာ ယင်းဖြစ်စဉ်များပြီးနောက် သြဂုတ်လ ၁၁ ရက်တွင် လမ်းမြေသား လေးပေခန့် နိမ့်ကျပျက်စီးမှုတစ်ရပ် ထပ်မံဖြစ်ပေါ်ခဲ့သည်။

လမ်းမြေများ အက်ကွဲခဲ့သည့်အပြင် လမ်းမြေနိမ့်ကျ ပျက်စီးမှုများပါ ဖြစ်ပေါ်ခဲ့သည့်အတွက် ဒေသခံ ပြည်သူများ သွားလာရေးနှင့် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများတွင် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံများက အောက်ချင်းသစ္စာ သတင်းအေဂျင်စီသို့ ပြောသည်။






ဓာတ်ပုံ - ဂျစ်မမဦး
ကလေး၊ သြဂုတ် ၎

စစ်ကိုင်းတိုင်း၊ ကလေးမြို့အ၀င်တွင် တည်ရှိသည့် ဖောင်ကူးတံတားဝန်းကျင်နေရာများတွင် မြစ်သာမြစ်ရေတိုးမှုကြောင့် ယင်းဒေသရှိ မြေနိမ့်ပိုင်းအချို့တွင် ရေ၀င်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း အဆိုပါ ဒေသသို့ ရောက်ရှိနေသည့် အောက်ချင်းသစ္စာ သတင်းအေဂျင်စီ သတင်းထောက်က သတင်းပေးပို့ထားသည်။

မြစ်ရေတိုးမှုတကြောင့် ဖောင်ကူးတံတားအနီးရှိ အေးငြိမ်းစံဘုန်းတော်ကြီးကျောင်းဝင်းအတွင်း အပါအ၀င် အနီးအနားရှိ နေအိမ်အချို့တွင်လည်း ရေ၀င်မှုများဖြစ်ပေါ်လျက်ရှိသည်။



လတ်တလောတွင် မြစ်သာမြစ် အောက်ပိုင်းတစ်လျှောက် ရေတန့်ခြင်းမရှိဘဲ ဆက်လက်စီးဆင်းနေသည့်အတွက် မြစ်ရေ ဆက်တိုးနိုင်မှု ရှိ၊ မရှိကို ဒေသခံပြည်သူများက စောင့်ကြည့်လျက် ရှိသည်။

ကိုမောင် (အောက်ချင်းသစ္စာ သတင်းအေဂျင်စီ)
အ.လ.က ကျောင်းရှေ့ ရေကျော်နေစဉ်
ကလေး၊ သြဂုတ် ၃

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ဇင်းကလင်းရွာအနီးရှိ ဇီးချောင်းရေတိုးမှုကြောင့် ကလေး-ဂန့်ဂေါလမ်းပေါ်အထိ ရေကျော်မှုများ ဖြစ်ပေါ်လျက် ရှိသည်။ အဆိုပါရေကျော်မှုမှာ သြဂုတ်လ ၁ ရက်ကတည်းက ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကာ ရွာမြောက်ဘက် ကလေး-ဂန့်ဂေါလမ်းပေါ်တွင် တစ်နေရာ၊ ရွာတောင်ဘက် ဇီးချောင်းမှ ဇင်းကလင်းရွာအတွင်းသို့ ရေ၀င်ခြင်းနှင့် ဇင်းကလင်းရွာအနောက်ဘက်မှ စီးဆင်းလာသော ရေများမှာ အခြေခံပညာအလယ်တန်းကျောင်းအတွင်း စီးဝင်းကာ ယင်းမှတစ်ဆင့် ကလေး-ဂန့်ဂေါလမ်းပေါ်သို့ ကျော်တက်ခဲ့ခြင်း ဖြစ်သည်။

ကလေး-ဂန့်ဂေါလမ်းမပေါ်ထိ ရေကျော်လာမှုအား ရပ်တန့်သွားစေရန်အတွက် သဲများ ဖို့ခြင်း၊ တမံဖို့ခြင်းများ ပြုလုပ်ခဲ့ရသည်။

သို့သော် သြဂုတ်လ ၃ ရက်တွင်မူ စာသင်ကျောင်းမှတစ်ဆင့် ကလေး-ဂန့်ဂေါလမ်းပေါ်သို့ ရေကျော်မှုတစ်ခုသာ ရှိတော့ကြောင်း ဒေသခံများက အောက်ချင်းသစ္စာ သတင်းအေဂျင်စီသို့ ပြောသည်။

သြဂုတ်လ ၁ ရက်က ကလေး-ဂန့်ဂေါလမ်းပေါ်သို့ ရေကျော်နေမှု အခြေအနေ
သြဂုတ်လ ၁ ရက်က ကလေး-ဂန့်ဂေါလမ်းပေါ်သို့ ရေကျော်နေမှု အခြေအနေ
ဇင်းကလင်းရွာ အနောက်တောင်ဘက်မှ လယ်ကွင်းများအတွင်း မြင်ရသည့် ရေ၀င်ရောက်နေစဉ်

သန့်ဇင်ဆွေ (အောက်ချင်းသစ္စာ သတင်းအေဂျင်စီ)
ကလေး၊ သြဂုတ် ၃

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ဥပုဒ်ချောင်းရေ တက်လာ၍ ချောင်းဘေးရှိ အင်းယားကုန်းရပ်ကွက်အတွင်း နေထိုင်နေကြသည့် ဒေသခံအချို့ ရေလွတ်ရာသို့ သြဂုတ်လ ၃ ရက် နေ့လယ်ပိုင်းက ရွေ့ပြောင်းခဲ့ရသည်။

ကလေးမြို့အတွက် စိုးရိမ်ရသည့် မြစ်သာမြစ်ရေမှာလည်း သြဂုတ်လ ၃ ရက် နံနက်ပိုင်းက အတန်ငယ် ရေကျခဲ့သော်လည်း ညနေပိုင်းတွင်မူ ရေပြန်လည် တက်လာသည့်အတွက် ကလေးမြို့ခံများလည်း စိတ်ပူလျက် ရှိသည်။










ဓာတ်ပုံ - ၀င်းယုထွန်း (အောက်ချင်းသစ္စာ သတင်းအေဂျင်စီ)