ပြည်သူ့ဘဏ္ဍာသုံး အစိုးရကောင်းလုံးတွေချည်း ထုတ်ထုတ်ပြနေတဲ့ အစိုးရသတင်းစာနဲ့ ပတ်သက်လို့ မပြော သေးဘူးဆိုပြီး ထားထားတာ ကြာပေါ့။ အခုတော့ ပြောမှကို ဖြစ်တော့မှာမို့ ပြောရပေတော့မယ်။ တီးလို့ မြည်တယ်လို့သာ မှတ်ယူကြပေကုန်တော့။

ဘယ်သူတွေ ဘာပြောပြော ကိုထွဏ်းမောင်တို့က အစိုးရသတင်းစာကို လပေးနဲ့ ၀ယ်ယူဖတ်ရှုနေကြ။ တို့အစိုးရ ကြီး ဘာတွေ လုပ်နေသလဲဟဲ့၊ တို့တိုင်းဌာနေ မြန်မာပြည်မှာ ဘာတွေ ဖြစ်နေသလဲဟဲ့ဆိုပြီး မနက်မိုးလင်းတာနဲ့ ပြေးပြေးဆွဲပြီး ဖတ်ရတာ။ တခါတလေ ခပ်စောစော နိုးလို့ သတင်းစာ မလာသေးရင်တောင် အင်တာနက်ဖွင့် ပြန်ကြားရေးဝက်ဘ်ဆိုက်ထဲ ၀င်ပြီး သတင်းစာကို ဒေါင်းလုပ်ခ်ရယူ ဖတ်နေကြ။ ကိုထွဏ်းမောင်တို့ကို ဒီလောက်တောင် သတင်းစာကို စွဲလမ်းတဲ့လူမျိုး။ ဒါပေမဲ့ အခုတစ်လော သတင်းစာဖတ်ရတာ ကိုထွဏ်းမောင် အတွက် ဘ၀င်မကျစရာကိစ္စ ခဏခဏ တွေ့လာရတော့ ပြောမှကိုး ဖြစ်တော့မယ်ဗျ။

အကြောင်းက ဒီလိုဗျာ…။ အားလုံးလည်း သိကြတဲ့အတိုင်း အခုတစ်လော မြန်မာပြည်ရဲ့ ဘယ်နေရာကို ကြည့် ကြည့် ရေကြီးရေလျှံလို့ တံတားတွေ ကျိုး၊ လယ်တွေ ရေမြုပ်၊ မြေပြိုလို့ လမ်းပိတ်၊ တောင်ပြိုလို့ လူသေ၊ လူတွေ ဒုက္ခရောက်နဲ့ စိတ်မချမ်းသာစရာတွေက အပြည့်။ ဒါတင်လား မဟုတ်၊ စစ်ဘေးကြောင့် လူကြေကိစ္စ တွေကလည်း တစ်ဖက်က ရှိနေတော့ ဒီသတင်းတွေနဲ့ ပတ်သက်လို့ နိုင်ငံသားပီပီ သိချင်၊ ဖတ်ချင်၊ စူးစမ်းချင် မိရဲ့။

ဒါပေမဲ့ ကိုထွဏ်းမောင် သတင်းစာဖတ်လိုက်တိုင်း ဒီသတင်းတွေတော့ ပါပါရဲ့။ ဒါပေသိ ရေဘေးသင့်နေရာတွေ ကို ၀န်ကြီးတွေ သွားကြ၊ ကျိုးသွားတဲ့ တံတားတွေကို ပြင်ဆင်လိုက်ပြီ ဖြစ်ကြောင်း၊ ရေဘေးသင့် ဒုက္ခသည် တွေကို ဘာတွေတော့ဖြင့် ကူညီလိုက်ပြီဖြစ်ကြောင်း ၀န်ကြီးအခြေပြု၊ အစိုးရအခြေပြု သတင်းတွေချည်း တွေ့ တွေ့နေရတာပါ။ အစိုးရသတင်းစာမို့ ဒီလို ရေးကြ၊ သားကြ၊ တင်ပြကြတာလည်း မဆန်းပါဘူး။ ဘယ်နေရာ တော့ဖြင့် ၀န်ကြီးတွေ သွားပြီး အားပေးထောက်ပံ့လိုက်ပြီ၊ ဘယ်နေရာမှာတော့ အစိုးရအဖွဲ့ဝင်တွေ သွားပြီး ကူညီထောက်ပံ့လိုက်ပြီ။ ဒီအထိ ကိုထွဏ်းမောင်အတွက်က ဖိုင်း Fine ပါပဲ။ ဒါပေသိ ၀န်ကြီးသွား သတင်းဖြစ်၊ ပြန်/ဆက်ပို့ သတင်းဖြစ် အဆင့်လောက်ပဲ တွေ့နေရတာကတော့ ကိုထွဏ်းမောင်အတွက် သိပ်တော့ ဘ၀င် မကျလှ။
စိုးရိမ်မှု မရှိအောင် အစိုးရက ဘယ်လို ဖြေလျော့မှုတွေ လုပ်မလဲဆိုတဲ့ ဒုက္ခရောက်နေသူတွေကို နှစ်သိမ့်နိုင်တဲ့ သတင်းမျိုးတွေ မတွေ့ရ...
ကိုထွဏ်းမောင် မြင်ချင်၊ ကြားချင်၊ ဖတ်ချင်မိတာက လက်ရှိ ဒုက္ခရောက်နေသူတွေအတွက် အစိုးရရဲ့ ကူညီရေးနဲ့ သက်ဆိုင်တဲ့ မဟာဗျူဟာ စီမံချက်တွေကို  အချက်အလက်တွေကို အခြေပြုတဲ့ သတင်းတွေ (ဥပမာ ဘယ်နေရာမှာတော့ လယ်ဧက ဘယ်လောက် ရေမြုပ်ကုန်တဲ့အတွက် လာမယ့်ကာလ စပါးအထွက်လျော့နိုင် ဆိုတာမျိုးတွေ)၊ အမတော်ကြေးယူ စိုက်ပျိုးထားသူတွေရဲ့ လယ်တွေ နစ်မြုပ်ကုန်တဲ့အတွက် ဒီအတွက် စိုးရိမ်မှု မရှိအောင် အစိုးရက ဘယ်လို ဖြေလျော့မှုတွေ လုပ်မလဲဆိုတဲ့ ဒုက္ခရောက်နေသူတွေကို နှစ်သိမ့်နိုင်တဲ့ သတင်း မျိုးတွေ မတွေ့ရတာပါ။

ဒါတွေသာ မတွေ့ရတာ အနုပညာကဏ္ဍဆိုပြီး ခေါင်းစီးတပ်ပြီး ဘယ်ရုပ်ရှင်ကိုတော့ဖြင့် ဘယ်နေ့မှာ တစ်နိုင်ငံ လုံး ပြမယ်ဆိုတာမျိုးကို မျက်နှာပြည့်နီးပါး ဖော်ပြနေတဲ့ကိစ္စပါ။ ဒီလိုမျိုး ဖော်ပြနေတာဟာ တစ်ခါလည်း မဟုတ်၊ နှစ်ခါလည်း မဟုတ်၊ အထပ်ထပ် အခါခါ ရှိလာလို့ ကိုထွဏ်းမောင် ပြောရတာပါ။ လုပ်ငန်းရှင်အတွက်တော့ ကြော်ငြာခ သက်သာသွားပေမယ့် အစိုးရကို ငွေသွင်းမှာယူ ဖတ်ရှုနေသူတွေအတွက်တော့ သတင်းတန်ဖိုးက ဇီးရိုးပါပဲ။ သိတဲ့အတိုင်း အစိုးရသတင်းစာမှာ ဒီရုပ်ရှင်ကြီး ဘယ်နေ့ ရုံတင်ပါပြီဆိုပြီး ကြော်ငြာထည့်ရင် မျက်နှာ ပြည့်ဆိုရင် ဖွတ်ကလိဒင်္ဂါး မြန်မာကျပ်ငွေ ၁၇ သိန်း ပတ်ချာလည်လောက် ကုန်တာဗျ။ ဒါကို သတင်းလိုလို၊ အင်တာဗျူးလိုလို ဖော်ပြလိုက်တော့ လုပ်ငန်းရှင်အတွက် အကုန်အကျ သက်သာသွားတယ် မဟုတ်လား။

ရေးသူကတော့ ရေးပေမပေါ့။ ဒီလိုမျိုး ရေးပေးကြဖို့လည်း လုပ်ငန်းရှင်တွေဘက်က တံစိုးလက်ဆောင် ပေးပြီး ရေးစေကြတယ်ဆိုတာပါ။ ဒါလိုကိစ္စမျိုးက ပုဂ္ဂလိက မီဒီယာတွေမှာလည်း မကြာခဏဆိုသလို ကြားနေကြ သတင်းဆိုတော့ ရေးသူကို သိပ်ပြီးတော့ မပြောလိုလှဘူး။ ရပ်တည်နိုင်တယ်လို့ဆိုရုံ လုပ်ခလစာနဲ့ အသက် ဆက်နေကြရတဲ့ သတင်းစာသမားတွေမှာ ကျင့်ဝတ်ကို မလိုက်နာသူတွေ ရှိတတ်တာ အရှိတရားမို့ ကိုထွဏ်းမောင်လည်း သဘောပေါက်ရဲ့။
အစိုးရ သတင်းစာက ပေးနိုင်တဲ့ သတင်းစာမျက်နှာ နေရာက ခပ်နည်းနည်းရယ်။ ဒီလို နည်းရတဲ့ကြားထဲ ကြော်ငြာလို့ နာမည်မတပ်ထားပေမယ့် ကြော်ငြာလို့ ပြောနိုင်တဲ့ ဒီလို သတင်းမျိုးကို တစ်မျက်နှာနီးပါး နေရာပေးတာကတော့ တဆိတ် လွန်လှ...
ခက်တာက ဒီလို ကြော်ငြာဆန်ဆန် သတင်းတွေကို ဖော်ပြခွင့်ပေးတဲ့ အယ်ဒီတာကစလို့ အထက်အထက် တာဝန်ရှိသူတွေကိုပါ။ သိတော်မူကြတဲ့အတိုင်း အစိုးရသတင်းစာဆိုတာ တာဝန်ကြီးတယ် မဟုတ်ပေဘူးလား။ နိုင်ငံအတွင်းက ဖြစ်ပျက်သမျှ၊ အစိုးရအဖွဲ့ လုပ်သမျှကို ဖော်ပြနေမယ်ဆိုရင်တောင် စာမျက်နှာက လောက်လှတာ မဟုတ်။ ဒီကြားထဲ ၀န်ကြီးဌာန ရပ်တည်ရေးအတွက် ကြော်ငြာကလည်း နေရာပေးထားရတော့ တကယ်တမ်း သတင်းဖတ်လိုသူ ကိုထွဏ်းမောင်တို့အတွက် အစိုးရ သတင်းစာက ပေးနိုင်တဲ့ သတင်းစာမျက်နှာ နေရာက ခပ်နည်းနည်းရယ်။ ဒီလို နည်းရတဲ့ကြားထဲ ကြော်ငြာလို့ နာမည်မတပ်ထားပေမယ့် ကြော်ငြာလို့ ပြောနိုင်တဲ့ ဒီလို သတင်းမျိုးကို တစ်မျက်နှာနီးပါး နေရာပေးတာကတော့ တဆိတ် လွန်လှတယ်လို့ ပြောချင်ရဲ့။ သတင်းစာဖတ် သူအတွက်လည်း အကျိုးမရှိ၊ အစိုးရအတွက်လည်း ၀င်ငွေလျော့တယ် မဟုတ်ပေဘူးလား။ ဒါကို ကြော်ငြာအ ဖြစ် ထည့်ခိုင်းရင် အစိုးရ၀င်ငွေ တိုးနိုင်သေးရဲ့။ အခုတော့ မလိမ့်တပတ်နဲ့ အရပ်စကားနဲ့ ပြောရရင် ဂျင်း ထည့်ခံရတဲ့ကိန်း။ ကွယ်ရာမှာ ငပိန်းလို့ ပြောခံရမယ့် အပေါက်။


သတင်းစာဆိုတာ လူထုကို အသိပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေပေးရန်ဆိုတဲ့ ရည်ညွှန်းချက် သုံးရပ်နဲ့ လုပ်ရ တယ်ဆိုပြီးတော့ ကိုထွဏ်းမောင်တို့လို သတင်းစာဖတ်သူတွေကို လာမရှင်းစေချင်ဘူး။ ကိုထွဏ်းမောင်တို့ဆို တာ ဟိုအရင် စာပေကင်ပေတိုင်ခေတ်ကတည်းက သတင်းလုပ်ငန်းမှာ ကျင်လည်ခဲ့ဖူးတော့ ရှေးလူကြီးများ စကား ငှားပြောရရင် ရှင်ကြီးဝမ်းလည်း နေဖူး၊ ရှင်ငယ်ဝမ်းလည်း နေဖူး၊ ရှင်စကောစက၀မ်းလည်း နေဖူးတယ်လို့။ အပွေးမြင် အပင်သိ သတင်းမြင် အညှာသိလို့ ဆိုရမှာပေါ့။
နဂိုကမှ ကြော်ငြာကို လက်ဝါးကြီးအုပ်၊ ပြည်သူငွေနဲ့ ထုတ်တာမို့ တော်ပါတော့၊ တန်ပါတော့၊ ရပ်ပါတော့လို့ ပြောဆိုနေတဲ့ကြားထဲက ဆက်လုပ်နေတဲ့အပြင်...
လူထုငွေနဲ့ ထုတ်တဲ့ အစိုးရအာဘော် သတင်းစာဆိုပေမယ့် အခုအချိန်ထိ ကိုထွဏ်းမောင်တို့ ဖတ်နေကြရတာ ကြိုက်လို့ရယ်တော့ မဟုတ်။ အစိုးရဆီက သတင်းကို ဒီတစ်ခုတည်းကနေ သိနေရလို့ဆိုတာ သိစေချင်မိတယ်။ နဂိုကမှ ကြော်ငြာကို လက်ဝါးကြီးအုပ်၊ ပြည်သူငွေနဲ့ ထုတ်တာမို့ တော်ပါတော့၊ တန်ပါတော့၊ ရပ်ပါတော့လို့ ပြောဆိုနေတဲ့ကြားထဲက ဆက်လုပ်နေတဲ့အပြင် ဒီလိုမျိုး မလျော်ကန် မသင့်မြတ်၊ သတင်းတန်ဖိုး ဇီးရိုးဖြစ်နေ တဲ့ ကြော်ငြာသတင်းတွေကိုပါ ဆက်တိုက်ဆိုသလို ဖတ်ဖတ်နေရတော့ ဘာလဲ့ဟဲ့ အစိုးရသတင်းစာလို့ မေးခွန်းထုတ်ရတော့မယ်။

ပြောပြန်ရင်လည်း ကိုရင်ထွဏ်းမောင် လွန်ရာကျဦးမယ်။ မျိုးမမှန်လို့ ပင်မသန်ဘူးဆိုရင်လည်း အခန့်မသင့်ရင် ဖြင့် ပုဒ်ထီး၊ ပုဒ်မ၊ ပုဒ်ကလေး၊ ပုဒ်ခွဲတွေက လာဦးမယ်။ လူထုငွေနဲ့ ထုတ်ပြီး လူထုအတွက် တန်ဖိုးရှိတဲ့ သတင်းကို မပေးနိုင်မှတော့ သတင်းစာအဆင့်လို့တောင် သတ်မှတ်လို့ ရအံ့မထင်။ အစိုးရအာဘော်စာစောင် လို့ပဲ ပြောင်းခေါ်ရတော့မယ်။ သတင်းစာလို့ ပြောချင်၊ ဆိုချင်၊ ခေါင်းစဉ်တပ်ချင်ရင် သတင်းစာမှာ သတင်းတွေ ထည့်ကြပါ။ ကြော်ငြာကို သတင်းလုပ် ဖော်ပြနေတာတွေ ရပ်တန့်နိုင်အောင် လုပ်ကြပါ။ လူထုအတွက် အကျိုး ရှိတဲ့ သတင်းစာမျိုးဖြစ်အောင် လုပ်ကြပါ။

အစိုးရယန္တရားကို ဆွဲယူသုံးထားတဲ့ ပြည်သူ့ဘဏ္ဍာငွေသုံး အစိုးရအာဘော် သတင်းစာတွေဟာ ပုဂ္ဂလိက သတင်းစာတွေထက် အစစအရာရာမှာ အားသာတယ်ဆိုတာ ငြင်းလို့ မရပါဘူး။ လူအင်အား၊ ငွေအင်အား၊ ပါဝါအင်အား အကုန်အားသာပါတယ်။ မလွတ်မလပ် ဒီမိုကရေစီနိုင်ငံရေးကာလ  မဆုတ်မနစ် ကြိုးပမ်းဖို့ လိုနေချိန် သတင်းစာရဲ့ အခန်းကဏ္ဍဟာ အရေးကြီးတာမို့ လူထုဗဟိုပြု သတင်းစာအတတ်ပညာတွေသုံးပြီး အကျိုးပြုနိုင်ပါစေလို့ ဆုတောင်းရင်း စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အသုံးချမှု မခံရပါစေနဲ့လို့ ဆုတောင်းလိုက်ပါတယ်။

ထွဏ်းမောင်

(၂၀၁၈ ခုနှစ် ဇွန်လ ၂၀ ရက်ထုတ် မြန်မာသံတော်ဆင့် နေ့စဉ်သတင်းစာတွင် ဖော်ပြပြီး ဆောင်းပါး ဖြစ်ပါသည်။)
Share To:

Aung Maw

Post A Comment: