ပြည်၊ ဇူလိုင် ၆

ပဲခူးတိုင်း၊ ပြည်မြို့နယ်၊  ဥယျာဉ်စုဘုန်းကြီးကျောင်းအတွင်း မီးလောင်မှုဖြစ်ပွားရာမှတစ်ဆင့် ယောဂီတစ်ဦး သေဆုံးမှုတစ်ရပ် ဇူလိုင်လ ၆ ရက် နံနက်အစောပိုင်းက ဖြစ်ပွားခဲ့သည်။

ရွာဘဲရပ်ကွက်၊ ဖက်တန်းလမ်းရှိ ဥယျာဉ်စုဘုန်းကြီးကျောင်းအတွင်း ကျောင်းဆောင်အောက်ထပ်ရှိ ထင်းမီးဖိုမှ မီးကြွင်းမီးကျန်များကြောင့် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အသက် ၈၅ နှစ်အရွယ် ယောဂီ ဒေါ်ခင်ထားမြင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်။

ဇူလိုင်လ ၆ ရက် နံနက် နံနက် တစ်နာရီခန့်က အဆိုပါကျောင်းဆောင်တွင် ဦးဇင်းတစ်ပါး၊ မယ်သီလရှင်တစ်ပါးနှင့် ယောဂီဖြစ်သူ ဒေါ်ခင်ထားမြင့်နှင့် သမီးဖြစ်သူတို့ နေထိုင်နေကြစဉ် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကာ ကျန်သူများ လွတ်မြောက်ခဲ့သော်လည်း ဒေါ်ခင်ထားမြင့်မှာမူ တစ်ကိုယ်လုံး မီးလောင်ကျွမ်းသည့်ဒဏ်ရာဖြင့် သေဆုံးခဲ့သည်။


အဆိုပါ မီးလောင်ကျွမ်းမှုကို မီးသတ်ကား အစီး ၂၀၊ မီးသတ်တပ်ဖွဲ့ဝင် ၇၀ ဦးတို့ဖြင် ငြိမ်းသတ်ခဲ့ရပြီး ကာလတန်ကြေး ကျပ်လေးသိန်းခွဲတန်ဖိုးရှိ ကျောင်းဆောင်တစ်လုံး ပျက်ဆီးဆုံးရှုံးခဲ့ရသည်။

ထင်းမီးဖိုအနီးတွင် မီးလောင်ကျွမ်းသေဆုံးခဲ့သူ ဒေါ်ခင်ထားမြင့်ကိုမူ မီးပေါ့ဆစွာ သုံးစွဲမှုဖြင့် ဒုရဲအုပ် မြတ်သူစိုးက တရားလိုပြုလုပ်၍ တိုင်တန်းသဖြင့် ပြည်မြို့နယ်ရဲစခန်းတွင် (ပ) ၅၈၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅/၃၀၄-က ဖြင့် အမှုဖွင့်ထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: