ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း
ရန်ကုန်၊ မေ ၂၈

မြန်မာနိုင်ငံ အနောက်ပိုင်း ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်နေသည့် လေဖိအားနည်း ရပ်ဝန်း၏ အရှိန်ကြောင့် လာမည့် ၃ ရက် (၇၂ နာရီ) အတွင်း နေပြည်တော်အပါအ၀င် မြန်မာနိုင်ငံ တိုင်းနှင့် ပြည်နယ် ၁၂ ခုတွင် နေရာကွက် မိုးကြီးခြင်းနှင့် ဒေသအလိုက် မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေည ညွှန်ကြားမှုဦးစီးဌာနက မေလ ၂၈ ညနေ ၄ နာရီက ထုတ်ပြန်ထားသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းမှာ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေခြင်းဖြစ်ကာ ယင်းအရှိန်ကြောင့် နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် ပြည်နယ်များဖြစ်သော ကချင်၊ ရှမ်း၊ ချင်း၊ ရခိုင်နှင့် မွန်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းကာ နေရာကွက်၍ မိုးကြီးခြင်းနှင့် ဒေသအလိုက် မိုးကြီးခြင်းများ ဖြစ်ပေးနိုင်သည်။

ထို့ပြင် လာမည့် ၂၄ နာရီအတွင်း စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရန်ကုန်၊ ဧရာဝတီနှင့် ပဲခူးတိုင်း၊ ကချင်၊ ရှမ်း၊ ချင်း၊ ရခိုင်နှင့် မွန်ပြည်နယ်တို့တွင် ၇၇ မီလီမီတာ (၃ လက်မ) အထက် မိုးရွာသွန်းနိုင်ကာ နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးနှင့် မန္တလေးတိုင်းတို့တွင် ၃၇ မီလီမီတာ (၁ လက်မခွဲ) နှင့်အထက် ရွာသွန်းနိုင်ကြောင်းလည်း မိုး/ဇလဌာနက ထုတ်ပြန်ထားသည်။ အဆိုပါ လေဖိအားနည်း ရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ လာမည့် ၂၄ နာရီအတွင်း မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိနိုင်ကြောင်းလည်း မိုး/ဇလက ခန့်မှန်းထားသည်။

ယင်း လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သည့်အတွက် ကုန်းမြင့်ဒေသတွင် နေထိုင်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ ကမ်းရိုးတန်းနှင့် မြစ်ငယ်၊ ချောင်းငယ်များအနီး နေထိုင်သူများအနေဖြင့် ရေကြီး၊ ရေလျှံမှုအန္တရာယ်တို့ ဖြစ်ပေါ်နိုင်သည့်အတွက် သတိထားနေထိုင်ကြရန် သတိပေးထားသည်။

ထို့ပြင် ပြည်တွင်းလေကြောင်းပျံသန်းမှု၊ ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်ရှိ ကမ်းနီး၊ ကမ်းဝါး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိထားကြရန်အတွက် မိုး/ဇလဌာနက အကြံပြုထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: