နေပြည်တော်၊ မေ ၁၅

ကချင်ပြည်နယ်တွင်း စစ်ပွဲများ ပိတ်မိနေသည့် ဒေသခံများ ခံစားနေရသည့် လူမှုဘ၀ စိုးရိမ်နေရမှုအတွက် စစ်ပွဲများ ရပ်တန့်ပေးရန် ဆန္ဒထုတ်ဖော်သူများကို အင်အားသုံးဖြိုခွဲမှု ပြုလုပ်ရာတွင် အရပ်သားများ အသုံးပြုမှု မရှိခဲ့ကြောင်း ရဲချုပ် အောင်ဝင်းဦးက ပြောဆိုလိုက်သည်။

နေပြည်တော်တွင် ယနေ့ ပြုလုပ်သည့် နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတါက် ဒုတိယ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဆန္ဒပြမှုမှာ ရန်ကုန်မြို့၊ တာမွေမြို့နယ်တွင် မေလ ၁၂ ရက်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၂၇ မှာ ဒုရဲအုပ်အောက်အဆင့်မနိမ့်တဲ့ ရဲအရာရှိက အများပြည်သူတို့ ငြိမ်းချမ်းခြင်းကို နှောင့်ယှက်ဖျက်ဆီးရန်ရှိသော စုဝေးတဲ့ အစုအဝေးတစ်စုံတစ်ရာကို လူစုခွဲရန် အမိန့်ပေးနိုင်တယ်လို့ ပြဌာန်းထားပါတယ်။ အဲဒီလို အမိန့်ပေးတဲ့အခါမှာလည်း အစုအဝေးမှာ ပါဝင်သူတို့က အမိန့်ပေးတဲ့အတိုင်း လူစုခွဲရန်တာဝန်ရှိတယ်လို့ ပြဌာန်းထားပါတယ်။ ရာဇဝတ်ကျင့်ထုံးဥပဒေ ၁၂၈ မှာလည်း ထိုသို့အမိန့်ပေးတဲ့အခါမှာ လူစုခွဲခြင်းမပြုရင် ဒုရဲအုပ်အောက် အဆင့်မနိမ့်တဲ့ ရဲအရာရှိက အဲ့ဒီအစုအဝေးကို လူစုကွဲအောင် အင်အားသုံးပြုလုပ်နိုင်တယ်လို့လည်း ပြဌာန်း ထားပါတယ်။ အဲဒီလို ပြုလုပ်တဲ့အခါမှာ လက်နက်ကိုင်မဟုတ်သူ အခြားမည်သည့်အမျိုးသားကိုမဆို အကူအညီ တောင်းခံနိုင်တယ်လို့ ဖော်ပြထားပါတယ်။ လိုအပ်လျှင် အစုအဝေးမှာပါဝင်သူကို လူစုခွဲဖို့ သို့မဟုတ် တရားဥပဒေနှင့်အညီ ပြစ်ဒဏ်စီရင်နိုင်ရန် ဖမ်းဆီးချုပ်နှောင်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။ သို့သော် ဖြစ်စဉ်မှာ အရပ်သားအင်အားသုံးမှုမရှိကြောင်း သိရှိရပါတယ်” ဟု ရဲချုပ် အောင်ဝင်ဦးက သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

မေလ ၁၂ ရက် ညနေပိုင်းက ရန်ကုန်မြို့ တာမွေမြို့နယ်တွင် ပြုလုပ်ခဲ့သော စစ်ပွဲများ ရပ်ရန်၊ စစ်ဆန့်ကျင်သူများနှင့် ငြိမ်းချမ်းရေးလိုလားသူများက ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်ကာ တန်ပြန်ဆန္ဒပြသူများလည်း ရှိခဲ့သည်။ အဆိုပါ တန်ပြန်ဆန္ဒပြသူများက ငြိမ်းချမ်းရေးအတွက် ဆန္ဒဖော်ထုတ်သူများနှင့် သတင်းရယူနေသည့် သတင်းမီဒီယာများကို အော်ဟစ်ဆဲဆိုမှုများ ပြုလုပ်ခဲ့သော်လည်း လုံခြုံရေးယူထားသည့် ရဲတပ်ဖွဲ့ဝင်များက တစုံတရာ အရေးယူ ဟန့်တားမှုများ မပြုလုပ်ခဲ့ပေ။

ယင်းနောက် ဆန္ဒပြပွဲကို ဦးဆောင်သူ အမျိုးသမီးတစ်ဦးက ငြိမ်းငြိမ်းချမ်းချမ်း လူစုခွဲပါမည်ဟု ပြောဆိုနေစဉ် ရဲတပ်ဖွဲ့ဝင်များက ဒိုင်းများနှင့် အတင်းထိုးး ၀င်ခဲ့သည့်နောက် ရုန်းရင်းဆန်ခက် ဖြစ်ပွားခဲ့သည်။ ယင်းသို့ ဖြစ်ပွားနေစဉ် ငြိမ်းချမ်းရေးဆန္ဒပြသူများကို တန်ပြန်ဆန္ဒပြသူများက ၀င်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

အစိုးရဘက်ကမူ ထိုဆန္ဒပြပွဲသည် ခွင့်ပြုချက်ရယူခြင်း မရှိဘဲ လုပ်ဆောင်ခဲ့သည့်အတွက်ကြောင့် ယင်းကဲ့သို့ အင်အားသုံးဖြိုခွဲမှု ပြုလုပ်ရခြင်းဖြစ်ကြောင်းကို အသိပေးတင်ပြမှု မရှိဘဲနဲ့ ဆန္ဒပြခြင်းကို လူစုခွဲသလို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄ (၁) အရ ဖမ်းဆီးခြင်း၊ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၅၄ အရ အမှုဖွင့် အရေးယူခြင်းတို့ကိုလည်း ရဲစခန်းက ဆောင်ရွက်ပါတယ်။ အဲ့ဒီတော့ ဥပဒေနဲ့ အညီပဲ ဆောင်ရွက်ခဲ့ပြီးတော့ ဥပဒေလုပ်ထုံးလုပ်နည်းနဲ့ အညီပဲ အဲဒီအခြေအနေတွေ ဖြစ်ကြောင်း ဖြေကြားလိုပါတယ်” ဟု ရဲချုပ် အောင်ဝင်းဦးက မီဒီယာများအား ဖြေကြားထားသည်။

ပြည့်အောင်
Share To:

Aung Maw

Post A Comment: