မြန်မာနိုင်ငံဘက်သို့ တင်သွင်းရန် စောင့်ဆိုင်းနေသည့် စားသောက်ကုန်ပစ္စည်းများအား တရုတ်နိုင်ငံဘက်အခြမ်း နယ်စပ်ဂိတ်တွင် တွေ့မြင်ရစဉ်
ရန်ကုန်၊ မေ ၁၁

အစိုးရက သတ်မှတ်ထားသော ရင်းနှီးမြှုပ်နှံမှု ပမာဏရှိသော နိုင်ငံခြားသားပိုင်ကုမ္ပဏီများကို ပြည်တွင်း၌ လက်လီ/လက်ကား နှစ်မျိုးစလုံးဖြင့် ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မတ်လ ၉ ရက်တွင် ထုတ်ပြန်ထားသည်။

နိုင်ငံခြားသား အလုံးစုံပိုင် ကုမ္ပဏီအနေဖြင့် မြေငှားရမ်းခမပါ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ငါးသန်းနှင့် အထက်ရှိပါက လက်ကားရောင်းချခြင်းကို ခွင့်ပြုမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ သုံးသန်းနှင့်အထက် ရှိပါက လက်လီရောင်းချခြင်းကို ခွင့်ပြုသွားမည် ဖြစ်သည်။

စီးပွား/ကူးသန်းက ထုတ်ပြန်ထားသည့် ယင်းထုတ်ပြန်ချက်တွင် လက်လီဆိုသည်မှာ တစ်ဆင့်ပြန်ရောင်းချရန်အတွက် မဟုတ်ဘဲ စားသုံးရန်အတွက် ပမာဏအနည်းငယ်ဖြင့် ၀ယ်ယူသော ပြည်သူများထံသို့ ကုန်စည်များ ရောင်းချခြင်းဖြစ်ပြီး လက်ကားမှာမူ လက်လီရောင်းသူများ၊ ထုတ်လုပ်မှုလုပ်ငန်းတွင် အသုံးပြုလိုသူများကို ပမာဏများပြားစွာဖြင့် ကုန်စည်များ ရောင်းချခြင်းဟု အဓိပ္ပာယ် ဖွင့်ဆိုထားသည်။

နိုင်ငံသားနှင့် ဖက်စပ်လုပ်ထားသော နိုင်ငံခြားကုမ္ပဏီများအနေဖြင့် လက်ကားရောင်းချမှုအတွက် ရင်းနှီးမြှုပ်နှံမှုငွေပမာဏ ကန်ဒေါ်လာ နှစ်သန်းနှင့်အထက်ဖြစ်ပြီး လက်လီရောင်းချမှုအတွက်မူ ကန်ဒေါ်လာ ခုနစ်သိန်းနှင့် အထက်ဖြစ်ရမည်ဖြစ်ပြီး ကုမ္ပဏီတွင် နိုင်ငံသားတို့၏ ရှယ်ယာပါဝင်မှုအချိုးသည် ၂၀ ရာခိုင်နှုန်းနှင့်အထက် ဖြစ်ရမည်ဟု စီးပွား/ကူးသန်းက ကန့်သတ်ထားသည်။

နိုင်ငံသားပိုင် ကုမ္ပဏီများအနေဖြင့်မူ ရောင်းချမှုစနစ်နှစ်ခုစလုံးအတွက် ၎င်းတို့ ရင်းနှီးမြှုပ်နှံနိုင်သည့် ကနဦး ရင်းနှီးငွေပမာဏဖြင့် ဆောင်ရွက်နိုင်မည် ဖြစ်သည်။

ယခုကဲ့သို့ နိုင်ငံခြားသားပိုင်နှင့် ဖက်စပ်ကုမ္ပဏီများအား လက်လီ/လက်ကား ရောင်းချခွင့်ပြုရခြင်းမှာ ယှဉ်ပြိုင်မှုတိုးတက်၍ စားသုံးသူများ ရွေးချယ်ခွင့်ပိုမိုရရှိရန်၊ နိုင်ငံခြားရင်းနှီးမှုများ ပိုမိုတိုးတက်ရန်နှင့် နိုင်ငံသားများ၏ အလုပ်အကိုင် အခွင့်အလမ်း  ပိုမိုရရှိရန်တို့ ဖြစ်သည်။

လက်လီ/လက်ကားရောင်းချခွင့်နှင့် ပတ်သက်၍ လုပ်ငန်းများအနေဖြင့် ကုမ္ပဏီမှတ်ပုံတင်၊ MIC အတည်ပြုမိန့်/ခွင့်ပြုမိန့် မိတ္တူ၊ သက်ဆိုင်ရာ မြို့တော် သို့မဟုတ် တိုင်းဒေသကြီး/ပြည်နယ် စည်ပင်ကော်မတီ၏ ထောက်ခံချက်၊ ရောင်းချမည့် ကုန်ပစ္စည်းအုပ်စုစာရင်း၊ ဖြန့်ဖြူးရောင်းချမည့် ကနဦးရင်းနှီးမြှုပ်နှံမှု ငွေပမဏ/တည်နေရာ အကျယ်အ၀န်း အစရှိသည့် လုပ်ငန်းဆောင်ရွက်မှု Business Plan အသေးစိတ်ဖော်ပြချက်တို့ဖြင့် စီးပွား/ကူးသန်းတွင် လျှောက်ထားရမည် ဖြစ်သည်။

ကန့်သတ်ချက်အနေဖြင့် နိုင်ငံခြားသားပိုင်နှင့် ဖက်စပ်ကုမ္ပဏီများအနေဖြင့် တည်ဆဲဥပဒေ၊ အမိန့်ကြော်ငြာစာနှင့် စည်းမျဉ်းအရ သတ်မှတ်ထားသော ကန့်သတ်ကုန်ပစ္စည်းများကို လက်လီ/လက်ကားရောင်းချခြင်းနှင့် ကြမ်းခင်းမြေ အကျယ်အ၀န်း စတုရန်းမီတာ (၉၂၉) အောက်ရှိ မီနီမားကတ်နှင့် Convenience Store အပါအ၀င် လက်လီရောင်းချဖြန့်ဖြူးခြင်းကို ကန့်သတ်ထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: