သမ္မတသစ် ဖြစ်လာပြီးနောက် ဗဟိုအစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံနေသည့် သမ္မတဦးဝင်းမြင့်
ရန်ကုန်၊ မေ ၃၀

တိုင်းနှင့် ပြည်နယ်အချို့တွင် ၀န်ကြီးအဆင့် နုတ်ထွက်မှုများ ဖြစ်ပေါ်ပြီးနောက် တိုင်း/ပြည်နယ်အစိုးရများ အနေဖြင့် နိုင်ငံတော်သမ္မတအား တာဝန်ခံရမည်ဆိုသည့် ဖွဲ့စည်းပုံဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ လိုက်နာ ဆောင်ရွက်ရန် သမ္မတရုံးက ထုတ်ပြန်လိုက်သည်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန်ကိစ္စ” ခေါင်းစဉ်ဖြင့် မေလ ၂၉ ရက်က ထုတ်ပြန်သည့် သမ္မတရုံး ညွှန်ကြားချက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၂၊ ပုဒ်မခွဲ (ဌ)၊ ပုဒ်မခွဲငယ် (၁) (၂)၊ ဥပဒေပုဒ်မ ၂၅၀ နှင့် ၂၅၉ တို့ကို ကိုးကားဖော်ပြထားပြီး ယင်းထုတ်ပြန်ချက်မတိုင်မီ တိုင်းနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ ၀န်ကြီးများ ဆက်တိုက်နုတ်ထွက်မှုများ ဖြစ်ပေါ်ခဲ့သည်။

အခြေခံဥပဒေပုဒ်မ ၂၆၂၊ ပုဒ်မခွဲ (ဌ)၊ ပုဒ်မခွဲငယ် (၁) တွင် “တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် နိုင်ငံတော်သမ္မတအား တာဝန်ခံရမည်” ဟု ပြဋ္ဌာန်းထားကာ ပုဒ်မခွဲငယ် (၂) တွင် “တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အားလည်းကောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်မှတစ်ဆင့် နိုင်ငံတော်သမ္မတအားလည်းကောင်း တာဝန်ခံရမည်” ဟု ပြဋ္ဌာန်းထားသည်။

ပုဒ်မ ၂၅၀ တွင် “တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည် ပြည်ထောင်စုအစိုးရက နိုင်ငံတော် တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် ကူညီရန် တာဝန်ရှိသည်” ဟု ပြဋ္ဌာန်းထားကာ ပုဒ်မ ၂၅၉ တွင် “တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည် ပြည်ထောင်စုအစိုးရက အခါအားလျော်စွာ ပေးအပ်လာသည့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရမည်” ဟု ဖော်ပြထားသည်။

ထုတ်ပြန်ချက်၌ ယင်းဥပဒေများကို ကိုးကားထားကာ တိုင်း/ပြည်နယ် ၀န်ကြီးများသည် တိုင်း/ပြည်နယ် ၀န်ကြီးချုပ်နှင့် သမ္မတအား အဆင့်ဆင့် တာဝန်ခံကြရသဖြင့် လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် တိုင်း/ပြည်နယ်ဝန်ကြီးချုပ်များထံ အသိပေးတင်ပြ၍ သဘာတူညီချက်၊ အတည်ပြုချက် ရယူဆောင်ရွက်ရမည်ဟု ညွှန်ကြားထားသည်။ ထို့ပြင် တိုင်း/ပြည်နယ် အစိုးရများသည်လည်း ပြည်ထောင်စုအစိုးရက ချမှတ်ထားသော မူဝါဒများ၊ ပြည်ထောင်စုဥပဒေများနှင့် မဆန့်ကျင့်စေဘဲ ဆောင်ရွက်ရမည်ဟု ထပ်ဆင့် ညွှန်ကြားထားသည်။

အဆိုပါ ညွှန်ကြားချက်ကို သမ္မတရုံး အမြဲတမ်းအတွင်းဝန်အမည်ဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကာ ၀န်ကြီး အပြောင်းအလဲများ ဖြစ်နိုင်ကြောင်းကိုလည်း နေပြည်တော် အခြေစိုက် NLD ဗဟိုအစိုးရနှင့် ပါတီဘက်မှ ယခုနှစ်အစောပိုင်းကတည်းက ထုတ်ဖော်ပြောဆိုနေခြင်း ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: