ရန်ကုန်၊ မတ် ၂၄

လာမည့် အစိုးရသက်တမ်းတွင် သမ္မတဦးထင်ကျော်က ပြည်ထောင်စုဝန်ကြီးများအဖြစ် အမည်စာရင် တင်သွင်းခံထားရသူများအား ကန့်ကွက်ချက် တစုံတရာ မရှိသည့်အတွက် အတည်ပြုလိုက်ပြီဖြစ်ကြောင်း မတ်လ ၂၄ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် နာယကဖြစ်သူ မန်းဝင်းခိုင်သန်းက အတည်ပြု ကြေညာလိုက်သည်။

ပြည်ထောင်စုဝန်ကြီးများအဖြစ် ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာအောင်သူ၊ ဦးသန့်စင်မောင်၊ သူရဦးအောင်ကို၊ ဦးအုန်းဝင်း၊ ဦးသိန်းဆွေ၊ ဦးကျော်ဝင်း၊ ဦးခင်မောင်ချို၊ ဒေါက်တာမြင့်ထွေး၊ ဦးဝင်းခိုင်၊ ဒေါက်တာဝင်းမြတ်အေး၊ ဦးအုန်းမောင်၊ ဒေါက်တာသန်းမြင့်၊ ဒေါက်တာဖေမြင့်တို့ ဖြစ်ပြီး တပ်မတော်ဘက်မှ ဒုတိယဗိုလ်ချုပ်ကြီးများဖြစ်သည့် စိန်ဝင်း၊ ကျော်ဆွေနှင့် ရဲအောင်တို့အား သမ္မတ ဦးထင်ကျော်က အမည်စာရင်း တင်သွင်းခဲ့ကာ အတည်ပြုလိုက်ခြင်း ဖြစ်သည်။

ဝန်ကြီးစာရင်း အမည်တင်သွင်းခဲ့သူများတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းခံခဲ့ရသူ ဦးကျော်ဝင်းမှာ ကိုယ်ရေးအချက်အလက်များ ဖော်ပြထားရာတွင် ပါရဂူဘွဲ့ ရရှိထားကြောင်း ထည့်သွင်းရာတွင် Brooklyn Park တက္ကသိုလ်မှ ရရှိထားသည့် ယင်းပါရဂူဘွဲ့လက်မှတ်မှာ အတုဖြစ်နေသည့်အပေါ် ဝေဖန်မှုများ ပြင်းထန်ခဲ့သေးသည်။

သို့သော် ယင်းပါရဂူဘွဲ့လက်မှတ်အတုကို လုပ်ဆောင်ခဲ့ခြင်း မရှိကြောင်းနှင့် ပါရဂူဘွဲ့အတွက် အချိန်ကုန် ငွေကုန်ခံကာ အမှန်တကယ် ကြိုးစားရယူခဲ့ခြင်းဖြစ်ကြောင်း ဦးကျော်ဝင်းက မီဒီယာများသို့ ပြန်လည် ရှင်းလင်းထားသည်။

ဦးကျော်ဝင်းမှာ အမေရိကန် ပညာရေးဌာနမှ လိုင်စင်ထုတ်ပေးထားသည်ဟု ဆိုသည့် Brooklyn Park တက္ကသိုလ်မှ ပညာသင်ခွင့်လျှောက်ထားကာ ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းအထိ လေ့လာသင့်ယူခဲ့ကြောင်း၊ ဘွဲ့ရရှိပြီးချိန်မှသာ တက္ကသိုလ်အတုဖြစ်ကြောင်း ကြေညာခံခဲ့ရခြင်း ဖြစ်ကြောင်း ၎င်း၏ ရှင်းလင်းထားချက်များတွင် ပါရှိသည်။

ပြည်ထောင်စုဝန်ကြီးအဖြစ် အတည်ပြုခံရသူ ဦးကျော်ဝင်းမှာ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်မှ ရွေးချယ်တင်မြှောက်ခံရသည့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ကာ ၁၉၈၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ မြို့နယ်ကောင်စီ အတွင်းရေးမှူးအဖြစ် လုပ်ကိုင်ခဲ့ဖူးသူတစ်ဦး ဖြစ်သည်။

အောက်ချင်း သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: