နိုင်ငံ့အကြီးအကဲအာဏာအား နှစ်ပေါင်း ၅၀ ကျော်အတွင်း အရပ်သားဘက်မှ ပြန်လည်ရယူနိုင်ပြီ ဖြစ်

ရန်ကုန်၊ မတ် ၁၅

လာမည့် အစိုးရသစ်တွင် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ရန် ဒုတိယသမ္မတလောင်း သုံးဦးအား လျှို့ဝှက်မဲခွဲ ရွေးချယ်ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ ဒုတိယသမ္မတလောင်းဖြစ်သူ ဦးထင်ကျော်မှာ ထောက်ခံမဲ ၃၆၀ ရရှိခဲ့သဖြင့် သမ္မတအဖြစ် ရွေးချယ်လိုက်ပြီကြောင်း မတ်လ ၁၅ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ကြေညာလိုက်သည်။

မဲဆန္ဒပေးပိုင်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ၆၅၂ ဦးက ဒုသမ္မတလောင်းများ ဖြစ်သည့် NLD မှ ဦးထင်ကျော်နှင့် ဦးဟင်နရီ ဗန်ထီးယူ၊ စစ်ဘက်မှ တင်သွင်းထားသည့် ဦးမြင့်ဆွေ (လက်ရှိ ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း) တို့အား လျှို့ဝှက်ဆန္ဒမဲပေးရာ ထောက်ခံမဲအများဆုံးဖြင့် ဦးထင်ကျော် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

အလားတူ ဒုသမ္မတ (၁) အဖြစ် ဦးမြင့်ဆွေမှာ ထောက်ခံမဲ ၂၁၃ မဲနှင့် ဒုသမ္မတ (၂) အဖြစ် ဦးဟင်နရီဗန်ထီးယူမှာ ထောက်ခံမဲ ၇၉ မဲဖြင့် ထောက်ခံဆန္ဒမဲ အနည်းအများအလိုက် ရွေးချယ်ခံရသည်။

ဒုသမ္မတများအဖြစ် ရွေးချယ်ခံရသူများမှာ သမ္မတမှ ခွဲဝေသတ်မှတ်ပေးသော လုပ်ငန်းများကို လုပ်ဆောင်ရမည်ဖြစ်ကာ ခွဲဝေသတ်မှတ်ပေးထားသော တာဝန်များကိုလည်း သမ္မတက ပြောင်းလဲ သတ်မှတ်ခွင့် ရှိသည်။
ယခုကဲ့သို့ သမ္မတအဖြစ် NLD ပါတီမှ ဦးထင်ကျော် ရွေးချယ်ခံ ရမှုမှာ နှစ်ပေါင်း ၅၀ ကျော်အတွင်း နိုင်ငံတော်အကြီးအကဲ အာဏာကို အရပ်သားဘက်မှ ပထမဆုံးအကြိမ် ရယူလိုက်ခြင်းဖြစ်ပြီး ကျန် ဒုသမ္မတနှစ်ဦးမှာ စစ်မှုထမ်းဟောင်းများ ဖြစ်သည်။

အောက်ချင်း သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: