ဒီမိုကရေစီ ထမြောက်အောင်မြင်ရန် အရေးကြီးဆုံး လိုအပ်ချက်မှာ ပညာတတ်၍ ဗဟုသုတ အမြော်အမြင်နှင့် ပြည့်စုံသော လူထု၏ ထင်မြင်ချက် ဖြစ်ပေသည်။ လူထု၏ ထင်မြင်ချက်ကို သတင်းစာများနှင့် အစည်းအဝေးပွဲများမှသာ ရနိုင်ရကား လူထု၌ လွတ်လပ်စွာ ပြောဆိုနိုင်မှုနှင့် သတင်းစာတိုက် လွတ်လပ်မှု ရှိရပေမည်။ သတင်းစာတိုက်ကို ချုပ်ချယ်ထားသော် လည်းကောင်း၊ လွတ်လပ်စွာ ပြောဆိုမှု မရှိခဲ့သော်လည်းကောင်း ဒီမိုကရေစီ မရှိနိုင်။ လူထု၏ ထင်မြင်ချက်နှင့် အဆက်အသွယ် ပြတ်သော်လည်းကောင်း၊ လူထု၏ ဆန္ဒအတိုင်း မပြုကျင့်သော်လည်းကောင်း အစိုးရသည် လူထုအစိုးရ မဟုတ်တော့ချေ။

သတင်းစာတိုက်၌လည်း မှန်ကန်၍ မျက်နှာမလိုက်သော သတင်းများကို အစိုးရအား ပေးရန် တာဝန်ရှိပေသည်။ စည်းကမ်းမစောင့်သော သတင်းစာတိုက်သည် နိုင်ငံအတွင်း စိတ်ဝမ်းကွဲပြားမှု အမျိုးမျိုးကို ဖန်တီးနိုင်သည်ကိုမူ သတိချပ်သင့်သည်။

အစိုးရတွင် ပြန်ကြားရေးဌာန ရှိသကဲ့သို့ ပြည်သူတို့၏ ပြန်ကြားရေးဌာနသည် သတင်းစာများဖြစ်သည်ဟု အစိုးရအနေဖြင့် ခံယူကျင့်သုံးရပေမည်။ သို့ကြောင့် မှန်ကန်စွာ ရပ်တည်နေသည့် သတင်းစာတိုက်များကို အစိုးရတိုင်း အသိအမှတ် ပြုရမည်ဖြစ်ကာ သတင်းစာလောက ဖွံ့ဖြိုးရေးကို ရှေ့ရှုရမည်။ ယင်းသို့ လုပ်ဆောင်ရာတွင် အစိုးရထုတ် သတင်းစာများနှင့် ပုဂ္ဂလိက သတင်းစာများကို တန်းတူအခွင့်အရေး ပေးရမည်။ ခွဲခြားဆက်ဆံခြင်းငှာ မပြုထိုက်။

Photo by india.blogs.nytimes.com
ကိုးကား - ပြည်သူ့တာဝန် (ဦးကျော်မင်း - ဘီအေ၊ ဘီအီးဒီ)
Share To:

Aung Maw

Post A Comment: