ရွှေတောင်၊ သြဂုတ် ၃

ဧရာဝတီမြစ်ရေကြီးမှုကြောင့် ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၇ ခုမှ ဒေသခံပြည်သူ ၁၈၀၀၀ ကျော်မှာ ရေဘေးလွတ်ရာနေရာများသို့ ယာယီပြောင်းရွှေ့နေထိုင်နေရကြောင်း ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၏ သြဂုတ်လ ၂ ရက် ထုတ်ပြန်ချက်စာရင်းများအရ သိရသည်။

မြစ်ရေကြီးမှုကြောင့် မြို့ပေါ်ရပ်ကွက် ၃ ခုနှစ့် ကျေးရွာအုပ်စု ၁၇ စုအတွင်းမှ အိမ်ထောင်စု ၅၀၅၁ စု၊ လူဦးရေ စုစုပေါင်း ၁၈၇၇၂ ဦးတို့မှာ ရေဘေးလွတ်ရာနေရာများသို့ ပြောင်းရွှေ့နေထိုင်နေရခြင်းဖြစ်ကာ ကျောင်းပေါင်း ၃၂ ကျောင်းကိုလည်း ယာယီပိတ်ထားရသည်။


ပြောင်းရွှေ့ခဲ့ရသည့် ဒေသများမှာ ရွှေတောင်မြို့ပေါ်ရှိ သရက်တော၊ ကြာနီကန်၊ ယွန်းတန်းရပ်ကွက်တို့ဖြစ်ပြီး ကျေးရွာအုပ်စုများမှာ ကျီးသဲ၊ မင်းတဲကျွန်း၊ ဇီးကျွန်း၊ ရှားပင်ကုန်း၊ ယင်းမူကုန်း၊ သောင်ပြင်ကုန်း၊ မြို့မ၊ သရက်သုံးပင်၊ သာစီကုန်း၊ ဒုရင်ဒုဘို၊ နွားမယံ၊ ညောင်စာရေး၊ ကျောက်ထရံ၊ တရုတ်မှော်၊ ကျွန်းကလေး၊ မမဲ၊ ရွှေဟင်္သာနှင့် လမိုင်းကျေးရွာတို့ ဖြစ်သည်။

"မနေ့က ညနေပိုင်းကစပြီး မနက်ပိုင်းအထိ တစ်ပေနီးနီးတက်သွားတယ်။ ဦးဇင်းကျောင်းထဲမှာနေတဲ့ လူ ၃၃၅ ယောက်ထဲက တစ်ဝက်လောက်ကတော့ ရွှေမျက်မှန်ဘုရားထဲက ဓမ္မစကူးလ်နဲ့ ဓမ္မာရုံထဲမှာ နေကြတယ်။ ကျန်တဲ့တစ်ဝက်ကတော့ ညဘက်ဆို ဦးဇင်းကျောင်းပေါ်ပဲ အကုန် စုအိပ်ကြတော့တယ်။ အခု သောက်သုံးရေ လုံးဝမရှိတော့ဘူး။ ဒါမှာလာနေတာ အကုန် လက်လုပ်လက်စားတွေချည်းပဲ။ ဒီနေ့ ဈေးမြုပ်ပြီဆိုတော့ စီးပွားရေးထိကုန်ပြီ" ဟု ရေဘေးသင့်ပြည်သူများအား ကူညီထားသည့် ရွှေမျက်မှန်ကျောင်းတိုက်ဆရာတော် ဦးဝဏ္ဍသီရိက အောက်ချင်းသစ္စာ သတင်းအေဂျင်စီသို့ မိန့်သည်။

ရွှေတောင်မြို့ပေါ်ရှိ ရပ်ကွက်ကြီးသုံးခုမှ ရေဘေးသင့်ပြည်သူများအား ရွှေဂူကြီးဘုရား၊ ဝိဇိတာရုံးကျောင်း၊ ရွှေပြောင်ပြောင်ဘုရား၊ ကြံခင်းကျောင်း၊ သာသနာ့ဗိမာန်၊ ချမ်းသာကြီးဘုရားနှင့် ရွှေမျက်မှန်ကျောင်းတိုက်တို့တွင် ယာယီပြောင်းရွှေ့နေထိုင်နေရကြောင်းနှင့် ကျေးလက်ဒေသမှ ရေဘေးသင့်ပြည်သူများမှာ မိမိအစီအစဉ်နှင့်မိမိ ရေလွတ်ရာနေရာများသို့ ပြောင်းရွှေ့နေထိုင်နေရသည်။

ခိုင်သစ် (အောက်ချင်းသစ္စာ သတင်းအေဂျင်စီ)
Share To:

Aung Maw

Post A Comment: