ရန်ကုန်၊ သြဂုတ် ၂

အများပြည်သူ လုံခြုံရေးအား ထိရောက်စွာ ကာကွယ်ပေးရန် အပါအ၀င် အွန်လိုင်းအခြေပြု လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် အသိအမှတ်ပြုပစ္စည်းအဖြစ်နှင့် ပျောက်ဆုံး၊ ပျက်စီးပါက လွယ်လင့်တကူ ပြန်လည်သုံးစွဲနိုင်ရေးအတွက် မိုဘိုင်းဖုန်းဆင်းကတ်များအား စနစ်တကျ မှတ်ပုံတင်ရန်နှင့် မှတ်ပုံမတင်ထားသည့် ဖုန်းဆင်းကတ်များအား ၂၀၁၇ ခုနှစ် မတ်လ ၃၁ ရက်မှစကာ ၀န်ဆောင်မှုပေးခြင်းများ ယာယီရပ်စဲမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက သြဂုတ်လ ၂ ရက်တွင် အစိုးရပိုင်သတင်းစာမှတစ်ဆင့် ကြေညာချက် ထုတ်ပြန်လိုက်သည်။

အများပြည်သူ လုံခြုံရေးအား ထိရောက်စွာ ကာကွယ်ပေးရန်ဆိုသည့်အချက်တွင် မည်သည့်ကိစ္စရပ်မျိုးအား ဆိုလိုခြင်းဖြစ်ကြောင်း ကြေညာချက်တွင် မပါရှိသော်လည်း အွန်လိုင်းအခြေပြု လုပ်ငန်းများဖြစ်သည့် Mobile Banking, Mobile Money, Online Shopping စသည့် ကိစ္စရပ်များတွင် ဆင်းကတ်အား အသိအမှတ်ပြု ပစ္စည်းအဖြစ် Identification Device ဆက်စပ်အသုံးပြုနိုင်ရန်အတွက်ဟူ၍ တိကျစွာ ဖော်ပြထားသည်။

ဆင်းကတ်များအား မှတ်ပုံတင်မည်ဆိုပါက အမည်၊ မှတ်ပုံတင် သို့မဟုတ် အခြားအသိအမှတ်ပြုကတ်နှင့် မိတ္တူ၊ အဘအမည်၊ မွေးသက္ကရာဇ်၊ လူမျိုး/နိုင်ငံသား၊ ကျား/မ၊ နေရပ်လိပ်စာတို့ကို ဖြည့်စွက်ရမည်ဖြစ်ကာ နိုင်ငံခြားသားဆိုပါက နိုင်ငံကူးလက်မှက်နံပါတ်တို့ လိုအပ်မည် ဖြစ်သည်။

“ယခင်မှတ်ပုံတင်ပြီး SIM Card များအနေဖြင့် လက်ရှိသုံးစွဲသူအမည် မှန်ကန်ခြင်းမရှိလျှင်သော်လည်းကောင်း၊ မိမိအမည်ဖြင့် မှတ်ပုံတင်ထားရှိသော်လည်း မိမိကိုယ်တိုင် သုံးစွဲခြင်းမရှိတော့လျှင်သော်လည်းကောင်း သက်ဆိုင်ရာအော်ပရေတာများနှင့် ဆက်သွယ်၍ သုံးစွဲသူအမည်နှင့် အချက်အလက်များ မှန်ကန်စွာ မှတ်ပုံတင်အသုံးပြုနိုင်ရေး ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်သည်” ယင်းကြေညာချက်၌ ပါရှိသည်။

လမ်းဘေးဆိုင်များတွင်ပင် မည်သည့်အထောက်အထား ပြစရာမလိုဘဲ ၀ယ်ယူနိုင်နေသည့် ဆင်းကတ်
Photo by www.myanmarfoodandtravel.com
ယင်းကဲ့သို့ ဖုန်းဆင်းကတ်များ ၀ယ်မည်ဆိုပါက မှတ်ပုံတင်ရသည့်စနစ်ကို နိုင်ငံတကာတွင်လည်း ကျင့်သုံးလျက် ရှိသည်။

လက်ရှိတွင် မြန်မာပြည်၌ ဖုန်းအော်ပရေတာ သုံးခုဖြစ်သည့် MPT, အော်ရီဒူးနှင့် တယ်လီနောတို့မှ ၀န်ဆောင်မှုပေးလျက်ရှိပြီး ၂၀၁၇ ခုနှစ်၊ မတ်လ ၃၁ ရက်အထိ မှတ်ပုံတင်ခြင်းမရှိသေးသည့် ဆင်းကတ်များအား ၀န်ဆောင်မှု ယာယီရပ်စဲကာ စနစ်တကျ မှတ်ပုံတင်ပြီးမှသာ ပြန်လည်သုံးစွဲခွင့်ပြုသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ဆိုထားသည်။

အစိုးရပိုင်းမှ ဆင်းကတ်ဝယ်ယူရာတွင် စနစ်တကျ မှတ်ပုံတင်ပြီးမှသာ ရောင်းချပေးရန်အတွက် ညွှန်ကြားမှုများ ရှိသော်လည်း ပြင်ပတွင် ဖုန်းဆင်းကတ်များ မည်သည့်သက်သေခံကတ်ပြားမှ မလိုဘဲ ရောင်းချမှုများ ရှိနေဆဲ ဖြစ်သည်။ ထို့ပြင် အချို့သော အရောင်းဆိုင်များတွင်မူ ဆင်းကတ်များအား အရောင်းမြှင့်တင်ရေးပစ္စည်းတစ်ခုအနေဖြင့် သတ်မှတ်ထားသော ဖုန်းအမျိုးအစားတစ်ခုအား ၀ယ်ပါက ဆင်းကတ်တစ်ခု လက်ဆောင်ပေးသည့် စနစ်များလည်း ကျင့်သုံးလျက် ရှိသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: