ရန်ကုန်၊ သြဂုတ် ၂၉

ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အပါအ၀င် အချို့သော အဖွဲ့အစည်းအချို့အား ပြည်နယ်နှင့် တိုင်းဝန်ကြီးချုပ်များ၏ ကွပ်ကဲမှုအောက်တွင် ထားရှိရန်အတွက် ပြည်ထဲရေးဝန်ကြီးက စာပေးပို့ထားပြီဖြစ်ကြောင်း တနင်္သာရီတိုင်း ၀န်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်အား ကိုးကား၍ လွတ်လပ်သော အာရှအသံ RFA က သြဂုတ်လ ၂၈ ရက် နေ့စွဲဖြင့် သတင်းရေးသားထားသည်။

အရပ်ဘက် ကွပ်ကဲရေးအောက်သို့ ထားရှိသွားမည့် အဖွဲ့အစည်းများမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့ ဖြစ်သည်။

ပြည်ထဲရေးလက်အောက်ရှိ အဖွဲ့အစည်းများအား အရပ်ဘက်အုပ်ချုပ်ရေးအောက်သို့ လွှဲပြောင်းပေးရန်အလို့ငှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် လိုအပ်သော်လည်း လိုအပ်ချက်အရ ညွှန်ကြားစာထုတ်ခဲ့ခြင်းဖြစ်သည်ဟု တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က RFA နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဖြေဆိုထားသည်။

လွှဲပြောင်းပေးလိုက်သည့် ဌာနဆိုင်ရာအဖွဲ့အစည်းများကို မည်သည့်ဝန်ကြီးဌာနများနှင့် တွဲစပ် လုပ်ကိုင်ရမည်ကိုမူ တိုင်းနှင့် ပြည်နယ် ၀န်ကြီးချုပ်များက အသေးစိတ်ညွှန်ကြားရမည်ဖြစ်ကာ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရွေးချယ်ခန့်အပ်ခြင်း ဖြစ်သည်။ သို့သော် ပြည်ထောင်စုဝန်ကြီးတိုင်းသည် နိုင်ငံတော်သမ္မတကိုသာ တာဝန်ခံရမည်ဟု ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၂၃၂ (ဇ) တွင် ပြဋ္ဌာန်းထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: