ဓာတ်ပုံ - ဦးအေးဝင်း
မိုးညို၊ သြဂုတ် ၁၇

ပဲခူးတိုင်း၊ သာယာဝတီခရိုင်အတွင်းရှိ မိုးညိုမြို့နယ်၊ စံပယ်မြှောင်အုပ်စုရှိ အောက် စိန်တိုင်ကျေးရွာတွင် သြဂုတ်လ ၁၆ ရက် ညပိုင်းက လေဆင်နှာမောင်း တိုက်ခက်ခဲ့၍ နေအိမ် ၁၆ လုံး ပျက်စီးခဲ့ကာ ဒေသခံ ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မိုးညိုမြို့နယ်၊ အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအေးဝင်းက အောက်ချင်းသစ္စာ သတင်းအေဂျင်စီသို့ အတည်ပြု ပြောကြားသည်။

ဖြစ်စဉ်မှာ သြဂုတ်လ ၁၆ ရက် ည ၉ နာရီခွဲခန့်က လေဆင်နှာမောင်း စတင်တိုက်ခတ်ခဲ့ခြင်းဖြစ်ကာ နေအိမ်များအပြင် သစ်ပင်များပါ ပြိုလဲခဲ့မှုကြောင့် ဒေသခံ ခြောက်ဦး ထိခိုက်ခဲ့ရာ နှစ်ဦးမှာ အတွင်းလူနာအဖြစ် ကုသခံနေရဆဲ ဖြစ်သည်။

ဓာတ်ပုံ - ဦးအေးဝင်း
ဓာတ်ပုံ - ဦးအေးဝင်း
“မိုးညိုမြို့နယ်၊ စံပယ်မြှောင်အုပ်စု၊ စိန်တိုင်ရွာ။ စိန်တိုင်ရွာက နှစ်စု၊ သုံးစု ရှိတယ်။ အခုက စိန်တိုင်ရွာ အောက်အုပ်စု။ အဲဒီမှာ မနေ့က ည ၉ နာရီခွဲပေါ့နော်။ ၁၆ ရက်နေ့ည ၉ နာရီခွဲက လေဆင်နှာမောင်းပေါ့။ အနောက်ဘက်ကနေ တိုက်လာတဲ့အခါကျတော့ အိမ်ခြေ ၁၆ လုံးလောက် ပြိုလဲတယ်ပေါ့ဗျာ။ သစ်ပင်တွေ ဘာတွေလည်း အကုန်လုံး ပြိုလဲပြီးတော့ ထိခိုက်ဒဏ်ရာ ရတာကတော့ ခြောက်ယောက်လောက် ရှိတယ်ပေါ့။ အခုလောလောဆယ် နှစ်ယောက်က ဆေးခန်းမှာပေါ့။ ကျန်တဲ့သူတွေကတော့ အိမ်ပြန်သွားကြပြီ။ နှစ်ယောက်ကတော့ အတွင်းလူနာပေါ့။ မစိုးရိမ်ရပါဘူး” ဟု မိုးညိုမြို့နယ်၊ အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအေးဝင်းက အောက်ချင်းသစ္စာ သတင်းအေဂျင်စီသို့ ပြောသည်။

လတ်တလောတွင် ပျက်စီးသွားသည့် နေအိမ်နှင့် ပြိုကျနေသည့် သစ်ပင်များကို အနီးအနားရှိ အခြားသော ကျေးရွာများမှ ပြည်သူများနှင့် စုပေါင်းကာ ရှင်းလင်းမှုများ ပြုလုပ်လျက်ရှိပြီး သွားလာရေးအတွက် အခက်အခဲများလည်း ဖြစ်ပေါ်လျက် ရှိသည်။

ဓာတ်ပုံ - ဦးအေးဝင်း
“ကယ်ဆယ်ရေးပစ္စည်းတွေလည်း အသင့်အတင့်တော့ လာပါတယ်။ လောလောဆယ်တော့ ဘေးနားက နှစ်ရွာ၊ သုံးရွာကတော့ အိမ်တွေကို ဖျက်ဆီးပြီး စနစ်တကျ ပုံတာတွေ လုပ်နေတယ်။ အခု အဲဒီနေရာက ရေက ပေါင်လယ်လောက်အထိ ဖြစ်နေတယ်။ မြစ်ရေကလည်း မကျသေးဘူးလေ။ ဆိုတော့ လောလောဆယ် သွားရေးလာရေး အခက်အခဲတော့ ရှိတယ်။ ကယ်ဆယ်ရေးပစ္စည်း ဘာညာကတော့ လိုတာပေါ့ဗျာ” ဟု ဦးအေးဝင်းက ဆိုသည်။

ဒေးဗစ်
Share To:

Aung Maw

Post A Comment: