ရွှေတောင်၊ သြဂုတ် ၁၂

ဧရာဝတီမြစ်ရေ ထိုးတက်လာမှုကြောင့် ရေကြီးနစ်မြုပ်ခဲ့သော ပဲခူးတိုင်း၊ ရွှေတောင်မြို့နယ်နှင့် ကြံ့ခင်းမြို့နယ်ကြား၊ ဧရာဝတီမြစ်လယ်တွင် တည်ရှိသည့် တရုတ်မှော်ကျေးရွာအုပ်စု၊ သာစည်ကျေးရွာတွင် ယနေ့အချိန်အထိ အစိုးရထံမှ အကူအညီများ မရသေးသည့်အတွက် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံများက အောက်ချင်းသစ္စာ သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါကျေးရွာတွင် အိမ်ခြေ ၁၀၃ အိမ်ရှိပြီး လူဦးရေစုစုပေါင်း ၃၆၈ ဦးရှိရာ သွားလာရန် ခက်ခဲသည့်အတွက် အစိုးရမဟုတ်သည့် ပရဟိတအသင်းအဖွဲ့များ၏ ကူညီမှုများလည်း လာရောက်မှု နည်းပါးသည့် ဒေသဖြစ်သည်။

“မြစ်ရေတွေ အရမ်းနောက်လွန်းလို့ သောက်ရေလေးကူညီပေးပါလို့တောင်းတော့ တစ်အိမ်ကို ရေ ခြောက်ပုလင်း သန့်စင်လို့ရတဲ့ ရေသန့်ဆေးတစ်ထုပ်စီပေးတယ်။ အစိုးရက တစ်အိမ်ကို ဆန်(နို့ဆီဗူး) ၄ လုံးစီပေးမယ်ဆိုလို့ ရွာကလူတွေ သွားထုတ်တော့လည်း အုပ်စုအုပ်ချုပ်ရေးမှူးမရှိလို့ ထုတ်မပေးတော့ ပြန်လာရတာ နှစ်ခါရှိပြီ။ ကျွန်တော်တို့ရွာက ကြံခင်းမြို့နယ်နဲ့ပိုနီးတော့ ကြံခင်းဘက်ကအကူအညီလာရင်လည်း သူတို့မြို့နယ်ထဲမပါတော့ မရဘူး။ မနေ့ကတော့ မန္တလေးက ဂီတညီအကိုများအဖွဲ့ကတော့ ဆန် ၄ ပြည် ဆီတစ်ဗူးနဲ့ အကြော်အလှော်လေးတွေလာပေးတယ်။ ဒါပဲရသေးတယ်။ အခုချိန်အထိကတော့ အစိုးရဆီက ရေသန့်ဆေးတစ်ထုပ်ကလွဲရင် ဘာအကူအညီမှမရဘူး” ဟု ဒေသခံ ကိုဇော်မင်းက အောက်ချင်းသစ္စာ သတင်းအေဂျင်စီသို့ ပြောသည်။


ယင်းသာစည်ကျေးရွာ ရေကြီးစဉ်က လယ်ယာလုပ်ငန်းအတွက် အဓိကကျသည့် နွားကောင်ရေ တစ်ရာကျော်ကို ရေလွှတ်ရာသို့ ရွှေ့ပြောင်းလိုသည့်အတွက် သက်ဆိုင်ရာအာဏာပိုင်များအား အကူအညီ တောင်းခံခဲ့သော်လည်း မည်သည့်အကူအညီမှ မရခဲ့ဘဲ အခက်အခဲကြားမှပင် ကိုယ်ထူကိုယ်ထ ရွှေ့ပြောင်းခဲ့ရသေးသည်။

သာစည်ရွာသည် ကြံခင်းမြို့နယ်အပိုင် ဧရာဝတီမြစ်လယ်ခေါင်မြေနုကျွန်းကြီးရှိ ရေလည်ကျွန်း၊ ဘူးခုံနှင့် ကျွန်းထိပ်ရွာများနှင့် တစ်ဆက်တည်း မြေနုကျွန်းကြီး၏ အောက်ဆုံးပိုင်းတွင်ရှိပြီး၊ ရေကြီးမှုကြောင့် နှမ်းနှင့် မြေပဲ စိုက်ပျိုးမြေ ဧက ၃၀ ကျော် ပျက်ဆီးဆုံးရှုံးခဲ့ရသည်။

ဒေးဗစ် (အောက်ချင်းသစ္စာ သတင်းအေဂျင်စီ)
Share To:

Aung Maw

Post A Comment: