Crusades Journalism. ဒီစကားကို စတင်ပြောပြခဲ့သူက ကွယ်လွန်တာ လေးနှစ် ပြည့်မြောက်ပြီဖြစ်တဲ့ ဟံသာဝတီ ဦးဝင်းတင်။ သတင်းသမားတွေဟာ အမှန်တရားကို ဖော်ထုတ်နေရုံနဲ့ မလုံလောက်အောင် အမှား တရားတွေ ကြီးစိုးနေတဲ့ ခေတ်မှာ ကျင့်သုံးရမယ့် Crusades Journalism ။ မြန်မာလိုဆိုရင်တော့ တိုက်ပွဲဝင် သတင်းစာပညာပေါ့။

ဒီစကားကို ဟံသာဝတီ ဦးဝင်းတင် မကွယ်လွန်မီ လပိုင်းအတွင်းကပဲ ပြောခဲ့တာပါ။

“သတင်းစာဆရာ လုပ်တဲ့သူက အမှန်တရားကို ဖော်ထုတ်မယ်ဆိုပြီးတော့ ကိုယ့်စားပွဲကိုယ်ထိုင်၊ ကိုယ့်စာအုပ် ကိုယ်လှန်ပြီးတော့ ကိုယ့်ကလောင်နဲ့ကိုယ် ရေးချင်တာ ရေးနေရုံနဲ့ မပြီးတော့ဘူး။ အမှားတရားတွေကို ဖော်ထုတ်ရမယ်။ တိုက်ပွဲဝင်ရမယ်။ အမှားတရားတွေကို တွန်းလှန်ရမယ်။ Crusades Journalism ပေါ့ဗျာ။ Crusades ဆိုတာ တိုက်ပွဲဝင်တာပေါ့ဗျာ၊ တိုက်ပွဲဝင်ရမယ့် ခေတ်ကိုရောက်နေပြီလို့ ကျွန်တော်မြင်လာတယ်” တဲ့။ ပြတ်သားတဲ့ လမ်းညွှန်ချက်။

သတင်းသမားဆိုတာ အမှန်တရားကို ဖော်ထုတ်ရမယ် ဆိုတာက သတင်းသမားလုပ်မယ်လို့ ဆုံးဖြတ်လိုက် တာနဲ့ ကာလရည်ကြည် သန္ဓေတည်ပြီး ပါလာတဲ့ တာဝန်၊ ကျင့်ဝတ်၊ ၀တ္တရား။ အမှားတရားတွေကိုလည်း ဖော်ထုတ်၊ ရှုပ်ချ၊ တိုက်ခိုက်ရမယ်ဆိုတာက ဒီကနေ့ ခေတ်ကာလ အခြေအနေက သတင်းသမားတွေကို ပေးထားတဲ့၊ ပေးလိုက်တဲ့ သမိုင်းပေးတာဝန်။ သမိုင်းပေးတာဝန်လို့ ပြောရတာ အကြောင်းအရင်း ရှိပါတယ်။
အကျင့်ပျက် ခြစားမှုတွေ၊ အာဏာအလွဲသုံးစားမှုတွေ၊ လာဘ်ပေးလာဘ်ယူမှုတွေ၊ တာဝန်မခံမှုတွေက ဒီကနေ့ ဒီအချိန်အထိ ရှိနေဆဲ ဖြစ်သလို တခြား တခြားသော အမှားတရားတွေကလည်း ကြီးစိုးနေဆဲ ဖြစ်ပါတယ်။ ညီလေး ကိုကြီး ဆက်ဆံရေး၊ အဘ ငါ့သား ဆက်ဆံရေးနဲ့ အစိုးရယန္တရားကို မောင်းနှင်နေတုန်း...
ဒီကနေ့ မျက်မှောက် မြန်မာပြည်အခြေအနေဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဘက်ပေါင်းစုံမှာ အမှားတရား တွေက ကြီးစိုးနေဆဲဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ NLD အစိုးရ တက်လာလို့ ခေတ် ပြောင်းပြီ၊ ဒီမိုကရေစီခေတ် ရောက်ပြီလို့ ကြွေးကြော်ကြုံးဝါးသူတွေ ရှိပါတယ်။ ဒါပေမဲ့ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည် နာမည်ခံထားတဲ့ ဒီမိုကရေစီ အစိုးရလို့ ထောက်ပြသူတွေလည်း ရှိပါတယ်။ ဘာကြောင့် လဲဆိုရင် တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူ ထိပ်ပိုင်းကွက်ကွက်ကလေးသာ NLD က ဖြစ်ပြီး ကျန်တဲ့အပိုင်းမှာ တော့ စစ်အစိုးရလက်ကျန် ယန္တရားဟောင်း မိုးကျရွှေကိုယ်တွေချည်းပါပဲ။ ဒီတော့ အကျင့်ပျက် ခြစားမှုတွေ၊ အာဏာအလွဲသုံးစားမှုတွေ၊ လာဘ်ပေးလာဘ်ယူမှုတွေ၊ တာဝန်မခံမှုတွေက ဒီကနေ့ ဒီအချိန်အထိ ရှိနေဆဲ ဖြစ်သလို တခြား တခြားသော အမှားတရားတွေကလည်း ကြီးစိုးနေဆဲ ဖြစ်ပါတယ်။ ညီလေး ကိုကြီး ဆက်ဆံရေး၊ အဘ ငါ့သား ဆက်ဆံရေးနဲ့ အစိုးရယန္တရားကို မောင်းနှင်နေတုန်းပါပဲ။

သတင်းသမားတွေဟာ အစိုးရယန္တရားမှာ တစုံတရာ ချွတ်ချော်တိမ်းစောင်းနေတယ်ဆိုရင် ထောက်ပြဝေဖန် အကြံပြု ရေးသားဖော်ထုတ်ရပါတယ်။ ဒါပေမဲ့ ဒီကနေ့ခေတ်ကာလက ဒီလောက်နဲ့ မလုံလောက်တော့ပါဘူး။ ဒီချွတ်ချော်တိမ်းစောင်းမှုတွေရဲ့ နောက်ကွယ်မှာ လူမသိ သူမသိ ဖုံးကွယ်ထားတာတွေ ဘာတွေ ရှိသေးသလဲ၊ ဘယ်သူတွေ ပါဝင်ပတ်သက်နေသလဲ ဆိုတာတွေကို တူးကြ၊ ဖော်ကြ၊ ဆွကြ၊ တိုက်ခိုက်ရတော့မှာ ဖြစ်ပါတယ်။

ဥပမာ ပြောရရင် ဒီကနေ့ ရန်ကုန်က သုံးမည်ရ ထိန်ပင်အမှိုက်ပုံ မီးလောင်လို့ ရန်ကုန်မြို့ကြီး မီးခိုးမှိုင်း တိုက်ခံရတဲ့ကိစ္စ။ မီးလောင်မှုကြောင့် ပြည်သူတွေ ဒုက္ခရောက်ကြရပါတယ်ဆိုတာက လုပ်ရိုးလုပ်စဉ် သတင်း တင်ဆက်ခြင်းပဲ။ ဒါ့ထက် ပိုပြီး တူးဆွဖော်ထုတ် ရေးသားသင့်တာက ဒီအမှိုက်ပုံနဲ့ ပတ်သက်လို့ အစိုးရရဲ့ စီမံ ခန့်ခွဲမှုအပိုင်းမှာ ဘာတွေ အားနည်းနေသလဲ၊ ဘယ်နေရာမှာ လွဲချော်နေသလဲ၊ ဒီ အားနည်းလွဲချော်မှုနဲ့ ပတ်သက်လို့ တာဝန်ယူ၊ တာဝန်ခံဖြေရှင်းရမယ့်သူတွေ ဘာလုပ်နေကြသလဲ၊ ဖြစ်မှ ထရှင်းတတ်တဲ့ တာဝန်ရှိသူ တွေရဲ့ အနာဂတ်ကို ကြိုမြင်နိုင်စွမ်း နည်းပါးမှု စတဲ့ စတဲ့ ကိစ္စတွေကို ဖော်ထုတ်ရမှာပါ။
မစားရ ၀ခမန်း စီမံကိန်းတွေ ချပြလုပ်ဆောင်ခဲ့သူတွေရဲ့ တာဝန်ခံ လုပ်ဆောင်မှုမရှိတဲ့အပေါ် တိုက်ခိုက်ရမယ်။ တိုက်ခိုက် ရမယ်ဆိုတဲ့ စကား သုံးနှုန်းတာဟာ ပုဂ္ဂိုလ်ရေး တိုက်ခိုင်တာမျိုးကို ဆိုလိုခြင်း မဟုတ်ပါဘူး။ ယူထားတဲ့ နေရာ၊ ရာထူးနဲ့ ထိုက်တန်တဲ့...
ဒီအမှိုက်ပုံကြီးကနေ ရွှေထွက်အောင် (လျှပ်စစ်ထုတ်မည့်ကိစ္စ) လုပ်ဖို့ ပြင်ဆင်ခဲ့တယ်လို့လည်း သိရတော့ ဒီစီမံကိန်းတွေကကော ဘယ်တွေ ရောက်ကုန်ပြီလဲ၊ တချို့ဆို MOU, MOA တွေ ထိုးပြီး တင်ဒါတွေတောင် ချထားပေးထားတယ်ဆိုတော့ အခု မီးလောင်မှု နောက်ဆက်တွဲ ဆိုးကျိုးအတွက် ဘယ်သူတွေက တာဝန်ခံမတုန်း။ ဒါတွေကို ဖော်ထုတ်ပြီး လူထုကို ချပြရမယ်၊ ဒါ့အပြင် ဒါနဲ့ ပတ်သက်ပြီး မစားရ ၀ခမန်း စီမံကိန်းတွေ ချပြလုပ်ဆောင်ခဲ့သူတွေရဲ့ တာဝန်ခံ လုပ်ဆောင်မှုမရှိတဲ့အပေါ် တိုက်ခိုက်ရမယ်။ တိုက်ခိုက် ရမယ်ဆိုတဲ့ စကား သုံးနှုန်းတာဟာ ပုဂ္ဂိုလ်ရေး တိုက်ခိုင်တာမျိုးကို ဆိုလိုခြင်း မဟုတ်ပါဘူး။ ယူထားတဲ့ နေရာ၊ ရာထူးနဲ့ ထိုက်တန်တဲ့ ၀န်ဆောင်မှု၊ တာဝန်ယူမှု တာဝန်ခံမှု မရှိခြင်းကို တိုက်ခိုက်ရမယ်လို့ ဆိုလိုခြင်းပါ။

“လောကကြီးတစ်ခုလုံးမှာ အမှားတရားတွေဟာ နေရာတိုင်းမှာရှိတယ်။ အမှားတရားတွေ ကြီးစိုးနေတယ်၊ အမှားတရားတွေ ပြန့်ပွားနေတယ်၊ အမှားတရားတွေ လွှမ်းမိုးနေတယ် . . .လောကကြီးက ပြောင်းလဲလာတယ်၊ ထွေပြားလာတယ်၊ ရှုပ်ထွေးလာတယ်၊ အမှားတရားတွေ၊ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ အမှားတရားတွေကို ဖော်ထုတ်ရမယ်။ ဖွင့်ချရမယ်၊ တိုက်ခိုက်ရမယ်။ အဲဒါတွေကို ဖြိုခွင်းရမယ်လို့ ကျွန်တော်ပြောချင်ပါတယ်” လို့ အဘ ဟံသာဝတီ ဦးဝင်းတင်က အနာဂတ်ကို မျှော်တွေး မှာတမ်းတွေ ချွေခဲ့ပြီးသားပါ။

“နိုင်ငံရေးတို့၊ စီးပွားရေးတို့၊ လူမှုရေးတို့၊ ဘာသာရေးတို့ ဟာမျိုးတွေမှာလည်း အမှားတရားတွေ လွှမ်းမိုးစပြုတဲ့ အယူအဆတွေ အများကြီး ရှိနေပါတယ်။ အဲဒါကြောင့် အားလုံးဟာ အမှန်တရားဘက်ကနေ ရပ်တည်ပါ။ ကောင်းပါတယ်။ အလားတူပဲ အမှားတရားတွေကိုလည်း ဖော်ထုတ်ကြပါ၊ တိုက်ဖျက်ကြပါ။ ဒီလိုလုပ်ခြင်း အားဖြင့်သာ ကျွန်တော်တို့ရဲ့ သတင်းစာတာဝန်ဟာ ကျေလိမ့်မယ်။ သတင်းစာသမားရဲ့ ဂုဏ်ဒြပ်ဟာ မြင့်မား လိမ့်မယ်။ သတင်းစာသမားရဲ့ လုပ်ငန်းဟာလည်း ထွန်းတောက်လာလိမ့်မယ်” တဲ့။

ထိန်ပင် အမှိုက်ပုံကြောင့် မြို့လုံးကျွတ် မီးခိုးဖုံးရတဲ့ကိစ္စကိုပဲ ထပ်ပြီး ဥပမာ ပေးပါရစေ။

ဒီကိစ္စကြောင့် နောက်ဆက်တွဲ ပြဿနာတွေကို ဘယ်သူမှ အခုအချိန်အထိ တာဝန်ယူပေးတာ မရှိသေးပါဘူး။ ဗဟိုအဆင့် ၀န်ကြီးဌာနက ဆောင်ရန်၊ ရှောင်ရန်ကိုသာ ညွှန်ကြားတယ်။ ညွန်ကြားချက် နောက်ဆုံးမှာ “မိမိအိမ်၊ ပတ်ဝန်းကျင်တွင် မီးခိုးအလွန်ထူထပ်လာပါက သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဆက်သွယ်၍ မီးခိုးလွတ်ကင်းရာ နေရာဒေသများသို့ ခေတ္တရွှေ့ပြောင်းခိုလှုံနေထိုင်ပါ” တဲ့။ “သက်ဆိုင်ရာတာဝန်ရှိသူ” ဆိုတာ ဘယ်သူလဲ၊ “မီးခိုးလွတ်ကင်းရာ နေရာဒေသ” ဆိုတာ ဘယ်နေရာလဲ၊ “ခေတ္တရွှေ့ပြောင်း ခိုလှုံနေထိုင်ပါ” ဆိုတာ ဘယ်အချိန်ကာလအထိလဲ။ ဘာတစ်ခုမှ မပါပါဘူး။

ဒီမီးလောင်မှုနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့လူမှုရေးဝန်ကြီးဆိုသူနဲ့ The Voice သတင်းစာတို့ တွေ့ဆုံ မေးမြန်းထားတာကိုလည်း တွေ့ရပါတယ်။ မီးလောင်မှုကြောင့် စိုးရိမ်နေတဲ့ ပြည်သူတွေကို ဘာအာမချံက် ပေးချင်တာရှိသလဲလို့ သတင်းထောက်က မေးထားပါတယ်။ ကျန်းမာရေးအသိ၊ သတိနဲ့ စိုးရိမ်နေတဲ့ ပြည်သူတွေအတွက် အဖြေကတော့ “ကျွန်တော်တို့ အတတ်နိုင်ဆုံး ဆောင်ရွက်နေပါတယ်၊ ပြည်သူတွေ စိုးရိမ် မှာလည်း သိပါတယ်။ အဲဒီအတွက်လည်းပိုကြိုးစားနေပါတယ်။ အဓိက က မီးထိန်းချုပ်နိုင်အောင် ကြိုးစားတယ်။ တစ်ဖက်မှာလည်း အနီးအနားရပ်ကွက် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အသိပညာပေးမှု လုပ်ဖို့ ရှိတယ်။ လူမှု ကူညီရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး  အကောင်းဆုံး ၀န်ဆောင်မှု ပေးနိုင်အောင် ပြင်ဆင်ထားပါတယ်” တဲ့။ ပျားရည်နဲ့ ၀မ်းချသွားတဲ့ အဖြေတွေ။ တာဝန်ယူမှု၊ တာဝန်ခံမှု ကင်းမဲ့တဲ့ အစိုးရ တာဝန်ရှိသူရဲ့ ဖြေကြားမှု။ မေးတဲ့မေးခွန်းကို နားမလည်တာလား၊ သာမန်ကာလျှံကာကိစ္စလို့ တွေးတောပြီး ဖြေကြားထားတာလား မသိ။ အစိုးရက တာဝန်ရှိတယ်ဆိုတာကို တာဝန်ယူ၊ တာဝန်ခံပေးရမယ့် အာမခံချက် ပေးရမှာကို မဖြေ၊ ဘာလုပ် ပါမယ်ဆိုတာကိုပဲ ဖြေသွားပါတယ်။ အရပ်စကာနဲ့ ပြောရရင်တော့ ဒီလောက်နဲ့တော့ တက်မလာပါနဲ့လို့။

အခုလို ရေးတာဟာ အဲဒီ တိုင်းဝန်ကြီးကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်လိုခြင်း မဟုတ်ပါဘူး။ အမှိုက်ပုံ မီးလောင်မှု နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ ဆိုးကျိုး၊ လူထုရဲ့ စိုးရိမ်မှုနဲ့ ပတ်သက်ပြီး မီဒီယာက တာဝန်သိစွာနဲ့ မေးမြန်းနေ ခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ မေးမြန်းခံရသူက ဘာလုပ်နေပါတယ်၊ ညာလုပ်နေပါတယ်ဆိုတာထက် ဒီကိစ္စနဲ့ ပတ်သက်ပြီး အစိုးရမှာ တာဝန်ရှိတယ်၊ အစိုးရက နောက်ဆက်တွဲ ပြဿနာတွေအတွက် ဘယ်လို အာမခံချက် တွေ ပေးမယ် (ဥပမာ ဒါနဲ့ ဆက်စပ်ပြီး ရောဂါဖြစ်လာသူတွေကို အခမဲ့ ကုသပေးမယ်၊ ပြောင်းရွှေ့ဖို့လိုသူ/ခက်ခဲသူတွေအတွက် ယာဉ်တွေ စီစဉ်ပေးမယ်၊ နေရာထိုင်ခင်း စီစဉ်ပေးမယ်) ဆိုတာမျိုး ဖြစ်ရမှာပါ။
တစ်တိုင်းလုံးကို ဖခင်လုပ် အုပ်ချုပ်နေပါတယ်ဆိုတဲ့ တိုင်းအကြီးအကဲလည်း အသံမထွက်၊ အမှိုက်ကနေ ရွှေထွက်အောင် လုပ်ဆောင်မယ် လို့ဆိုထားတဲ့ စလွယ်ရ မြို့တော်ဝန်လည်း အသံတိတ်နေပါတယ်။ အသံထွက်တာ နှစ်ခုတည်း ရှိ...
တကယ်တော့ ဒီအမှိုက်ပုံမီးလောင်ပြီး မြို့ကို မီးခိုးဖုံးတဲ့ကိစ္စဟာ ဆိုင်ရာဆိုင်ရာကဏ္ဍအလိုက် တာဝန်ယူ၊ တာဝန်ခံရမယ့် တာဝန်ရှိသူတွေ အဆင့်ဆင့် ရှိပါတယ်။ ဒီကနေ့ ဒီအချိန်အထိ ဘယ်သူကမှ ကျွန်တော့် တာဝန်ပါ၊ ကျွန်မ တာဝန်ပါလို့ ထုတ်ဖော်ပြောသူ တစ်ဦးတစ်လေမှ မရှိသေးပါဘူး။ တစ်တိုင်းလုံးကို ဖခင်လုပ် အုပ်ချုပ်နေပါတယ်ဆိုတဲ့ တိုင်းအကြီးအကဲလည်း အသံမထွက်၊ အမှိုက်ကနေ ရွှေထွက်အောင် လုပ်ဆောင်မယ် လို့ဆိုထားတဲ့ စလွယ်ရ မြို့တော်ဝန်လည်း အသံတိတ်နေပါတယ်။ အသံထွက်တာ နှစ်ခုတည်း ရှိတယ်။ မီးခိုးနဲ့ ညှော်နံ့ ခံနေရတဲ့ ပြည်သူနဲ့ တာဝန်သိ မီဒီယာတွေ။ ထိန်ပင် ကိစ္စ ထားတော့။

နောက်ဆုံးပိတ် ပြောချင်တာကတော့ မီဒီယာတွေဟာ အမှန်တရားတွေကိုချည်း ဖော်ထုတ်လို့ မရတော့ပါဘူး။ အမှားတရားတွေ ကြီးစိုးပြီး တာဝန်ခံ၊ တာဝန်ယူမှု နည်းသူတွေအောက်မှာ ပြည်သူတွေ ပြားပြားဝပ်နေရပါပြီ။ ဒါတွေကို ဖော်ထုတ်ရမယ်၊ တိုက်ဖျက်ရမယ်။ ဒီလိုမျိုး ဖော်ထုတ်၊ တိုက်ဖျက်တဲ့နေရာမှာ လူပုဂ္ဂိုလ်ထက် လုပ်ရပ်တွေအပေါ် ဦးတည်ရမယ်ဆိုတာပါပဲ။ ဒီလို လုပ်ခြင်းဟာ လမ်းလွှဲနေသူတွေရဲ့ တာဝန်ရှိမှုကို မီးမောင်းထိုးပြခြင်းဖြစ်သလို သတင်းစာသမားတွေရဲ့ တန်ဖိုးကိုလည်း ပြရာဖြစ်ကြောင်း တိုက်တွန်းလိုက် ရပါတယ်။

အောင်ထွန်းလင်း

(၂၀၁၈ ခုနှစ် မေလ ၁ ရက်ထုတ် မြန်မာသံတော်ဆင့် နေ့စဉ်သတင်းစာတွင် ဖော်ပြပြီး ဆောင်းပါး ဖြစ်ပါသည်။)
Share To:

Aung Maw

Post A Comment: