ရန်ကုန်၊ ဇွန် ၂၁

ကမ္ဘာ့ရွှေဈေးနှုန်းအကျတွင် ဖြစ်ပေါ်တတ်သည့် ဒေါ်လာဈေး မာလာပြီးနောက် ပြည်တွင်းငွေလဲလှယ်နှုန်းတွင်လည်း အမေရိကန် တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၁၃၇၀ ကျော်အထိ မြင့်တက်လျက် ရှိသည်။

ဇွန်လ ၂၁ ရက်တွင် ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် ကန်ဒေါ်လာ ၁၂၆၂ ကျော်သာ ဈေးပေါက်ပြီး ယင်းဈေးနှုန်းမှာ ရက်ပေါင်း ၂၀ ကျော်အတွင်း ကန်ဒေါ်လာ ၁၃၀၀ ကျော်မှ ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း goldprice.org တွင် ဖော်ပြထားသည်။ ယင်းကမ္ဘာ့ရွှေဈေး ကျဆင်းမှု နောက်ဆက်တွဲအဖြစ် ဒေါ်လာဈေး မာလာခဲ့ပြီးနောက် ပြည်တွင်းငွေလဲလှယ်နှုန်းမှာလည်း ယခင် တစ်ဒေါ်လာလျှင် ကျပ် ၁၃၃၀ ခန့်မှ ၁၃၇၀ ကျော်အထိ ဆက်တိုက်မြင့်တက်လာခြင်း ဖြစ်သည်။

ဇွန်လ ၂၁ ရက် ဗဟိုဘဏ်က သတ်မှတ်ထားသည့် ရည်ညွှန်းငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ၁၃၇၁ ကျပ် သတ်မှတ်ထားသည်။ ပြည်တွင်းဘဏ်လုပ်ငန်းများဖြစ်သည့် သမ၀ါယမ CB Bank ကမူ အ၀ယ် ၁၃၆၇ ကျပ်နှင့် အရောင်း ၁၃၇၃ ကျပ်၊  ကမ္ဘာဇ KBZ Bank တွင်မူ အ၀ယ် ၁၃၆၃ ကျပ်နှင့် အရောင်း ၁၃၆၇၊ ဧရာဝတီ AYA Bank ကမူ အ၀ယ် ၁၃၆၅ နှင့် အရောင်း ၁၃၇၂ ဖြင့် အရောင်းအ၀ယ် ပြုလုပ်လျက် ရှိသည်။ ယူနိုက်တက်အမရာ UAB Bank တွင်မူ အ၀ယ် ၁၃၆၆ နှင့် အရောင်း ၁၃၇၆ ကျပ်ဖြင့် အရောင်းအ၀ယ်ပြုလုပ်လျက် ရှိကာ ဘဏ်မဟုတ်သည့် ပြင်ပငွေလဲစင်တာများတွင်မူ အ၀ယ် ၁၃၇၁ နှင့် အရောင်း ၁၃၇၄ ကျပ်ဖြင့် အရောင်းအ၀ယ် ပြုလုပ်လျက် ရှိသည်။ ဒေါ်လာငွေလဲလှယ်နှုန်းမှာ ကျပ် ၁၄၀၀  ကျော်ခန် ဆက်တက်ဖွယ်ရှိကြောင်း ပြင်ပငွေလဲလှယ်ရေး စင်တာများက ခန့်မှန်းထားသည်။

ပြည်တွင်းရွှေဈေးနှုန်းမှာမူ ဇွန်လ နေ့လယ်ပိုင်း၌ အခေါက်ရွှေ တစ်ကျပ်သားလျှင် ရန်ကုန်တွင် ကျပ် ၉၃၅,၀၀၀ ကျပ်နှင့် မန္တလေးတွင် ကျပ် ၉၃၄,၀၀၀ အရောင်းအ၀ယ်ပြုလုပ်လျက်ရှိကြောင်း အောင်သမာဓိ စိန်ရွှေရတနာဆိုင်နှင့် ရွှေသန့်စင်လုပ်ငန်းက ကြေညာထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: