ရန်ကုန်၊ ဇွန် ၂၂

၂၀၁၈ ခုနှစ်အတွင်း မြန်မာ ကျပ်ငွေနှင့် အမေရိကန်ဒေါ်လာ လဲလှယ်မှုပြုရာတွင် မြန်မာငွေဈေးမှာ ဇွန်လ ၂၂ ရက်၌ တစ်ဒေါ်လာလျှင် ၁၃၇၄ ကျပ်ဖြင့် အနိမ့်ဆုံးသို့ ရောက်ရှိလျက် ရှိသည်။

ဗဟိုဘဏ်မှ နေ့စဉ်ထုတ်ပြန်လျက် ရှိသည့် ငွေလဲလှယ်နှုန်း (ရည်ညွှန်းနှုန်း) ကိန်းဂဏန်းများအရ ဇန်န၀ါရီလ ၂ ရက်နေ့ ငွေလဲလှယ်နှုန်းမှာ တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၁၃၆၁ ရှိခဲ့ပြီး ဧပြီလ ဒုတိယပတ်အတွင်းတွင်မူ မြန်မာငွေဈေး ပြန်မာလာခဲ့ကာ တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၁၃၂၆ ကျပ်အထိ ရှိခဲ့သည်။

ယင်းနောက် ဆက်တိုက်ဆိုသလို ဒေါ်လာဈေး ပြန်မာလာပြီး မြန်မာငွေဈေးကျခဲ့ရာ ဇွန်လ ၂၂ (ယနေ့) တွင်မူ တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၁၃၇၄ ကျပ်ဖြင့် မြန်မာငွေဈေး အနိမ့်ဆုံးသို့ ရောက်ရှိလျက် ရှိသည်။

မြန်မာငွေဈေး ကျဆင်းလာရခြင်းမှာ ကမ္ဘာ့ရွှေဈေးကျပြီးနောက် ဒေါ်လာအပေါ် ရင်းနှီးမြှုပ်နှံမှု များလာခြင်းကြောင့် ဒေါ်လာဈေး မာလာခြင်း နောက်ဆက်တွဲ အကျိုးဆက်ဖြစ်ပြီး လာမည့် ဇွန်လကုန်အတွင်း ငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၁၄၀၀ ကျော်ခန့်အထိ မြင့်တက်နိုင်ကြောင်း ပြင်ပငွေလဲလှယ်ရေး လုပ်ငန်းများက ခန့်မှန်းထားကြသည်။

ပုဂ္ဂလိကဘဏ်များတွင်မူ ယနေ့ နေ့လယ်ပိုင်း သတ်မှတ်ထားသည့် ဒေါ်လာနှင့် မြန်မာကျပ်ငွေ လဲလှယ်နှုန်းမှာ ကမ္ဘာဇဘဏ်တွင် အ၀ယ် ၁၃၆၈ နှင့် အရောင်း ၁၃၇၃ ကျပ်၊ သမ၀ါယမ CB ဘဏ်တွင် အ၀ယ် ၁၃၆၅ နှင့် အရောင်း ၁၃၇၂ ကျပ်၊ ဧရာဝတီဘဏ်တွင်မူ အ၀ယ် ၁၃၆၅ နှင့် အရောင်း ၁၃၆၉ ကျပ်ဖြင့် အရောင်းအ၀ယ် ပြုလုပ်လျက် ရှိသည်။

မြန်မာငွေဈေးကျပြီး ဒေါ်လာဈေးမြင့်တက်မှုနှင့်အတူ ပြည်တွင်း စက်သုံးဆီဈေးနှုန်းများလည်း မြင့်တက်လျက်ရှိကာ တစ်လီတာဈေးနှုန်းများအနေဖြင့် ဒီဇယ် ၉၀၀ ကျပ်၊ ပရီမီယံဒီဇယ် ၉၁၅ ကျပ်၊ အောက်တိန်း (92) ၈၇၅ ကျပ်နှင့် အောက်တိန်း (95) ၉၂၅ ကျပ်ဖြင့် ရောင်းချပေးလျက်ရှိကြောင်း Max Energy က ကြေညာထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Share To:

Aung Maw

Post A Comment: