ကလေး၊ မေ ၁၇

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း အိမ်ထောင်စုစာရင်း အမည်ပေါက်ထားသော အသက် ၁၀ ပြည့်ပြီး ကျောင်းသား၊ ကျောင်းသူတိုင်းအား လာမည့် ကျောင်းဖွင့်ရာသီ၌ မှတ်ပုံတင် ထုတ်ပေးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးမှ ခရိုင်ဦးစီးမှူး ဦးသိန်းဇော်က မေလ ၁၇ တွင် ပြောဆိုလိုက်သည်။

ကလေးမြို့၊ မြို့တော်ခန်းမတွင် ပြုလုပ်သည့် “စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်ရဲတပ်ဖွဲ့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ မှုခင်းကျဆင်းရေး ရက် ၁၀၀ စီမံချက်နှင့် ၀န်ဆောင်မှုကို ရှေ့ရှုသော ရဲလုပ်ငန်းဆိုင်ရာ အသိပညာပေး ရှင်းလင်းပွဲ အခမ်းအနား” တွင် ခရိုင်မှူး ဦးသိန်းဇော်က ပြောဆိုခဲ့ခြင်းဖြစ်ကာ အဆိုပါ အခမ်းအနားသို့ အစိုးရအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများအပြင် ပြည်သူလူထု ၁၀၀ ၀န်းကျင်ခန့် တက်ရောက်ခဲ့ကြသည်။

အသက် ၁၀ နှစ်ပြည့်ပြီး မှတ်ပုံတင်မရသေးသည့် ကလေးမြို့နယ်တွင်းမှ ကျောင်းသားများအား မှတ်ပုံတင် ထုတ်ပေးရာတွင် အချက် သုံးချက်နှင့် ညီညွတ်ရမည်ဖြစ်ကာ ယင်းအချက်များမှာ အသက် ၁၀ နှစ်ပြည့်ပြီး မြို့နယ်အတွင်း နေထိုင်သူ၊ မြို့နယ်အမည်ပေါက် အိမ်ထောင်စာရင်းနှင့် မိဘဖြစ်သူများမှာ ကလေးမြို့နယ် အမည်ပေါက် မှတ်ပုံတင်ရှိသူများ ဖြစ်ရမည် ဖြစ်ကြောင်း ခရိုင်ဦးစီးမှူး ဦးသိန်းဇော်က ပြောသည်။

ယင်းသို့ မှတ်ပုံတင် လုပ်ပေးရာတွင် ကလေးမြို့နယ်အတွင်း နေထိုင်သူဖြစ်သော်လည်း အခြားမြို့နယ်များမှ အခြေချ နေထိုင်လာသည့်သူများကိုမူ မှတ်ပုံတင် လုပ်ပေးသွားမည် မဟုတ်ဘဲ ယင်းတို့နှင့် သက်ဆိုင်သည့် မြို့နယ်တွင်သာ လုပ်ဆောင်ကြရမည် ဖြစ်သည်။

ထို့ပြင် တက်ရောက်လာသည့် အစိုးရအဖွဲ့အစည်းများမှ တာဝန်ရှိသူများက လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ မှုခင်းကျဆင်းရေးနှင့် ပတ်သက်သည့် ရက် ၁၀၀ စီမံချက်နှင့် လက်ရှိ လုပ်ကိုင်နေသည့် လုပ်ငန်းစဉ်များအား တက်ရောက်လာသူများအား ရှင်းလင်း တင်ပြခဲ့ကြသည်။

ယခုပြုလုပ်သည့် ရှင်းလင်းပွဲမှာ အစိုးရအဖွဲ့၏ ရက် ၁၀၀ စီမံချက်တွင် မည်သည့်ကိစ္စရပ်များ ပါဝင်သည်နှင့် မည်သည့်လုပ်ငန်းများ လုပ်ဆောင်နေသည်ကို ပထမဦးဆုံးအကြိမ် ရှင်းလင်းခြင်းလည်း ဖြစ်သည်။

သန့်ဇင်ဆွေ
Share To:

Aung Maw

Post A Comment: